ပြည်ပက သဘာဝ ဓါတ်ငွေ့ ဝယ်ပြီး လျှပ်စစ်ပြဿနာ ဖြေရှင်းမယ်

  • 12 ဩဂုတ် 2016
Micro Hydro Power
Image caption လျှပ်စစ်မီး မလုံလောက်မှုက မြန်မာ နိုင်ငံအတွက် အဓိက ပြဿနာကြီး တစ်ခုဖြစ်နေ

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓါတ်အားကို အမြန်ဆုံး ဖြည့်ဆည်း ပေးနိုင်ဖို့ အချိန်တို အတွင်း ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ဝန်ကြီးဌာန ရဲ့ရက် ၁၀၀ စီမံကိန်းမှာ ရေတိုရေရှည် စီမံကိန်းတွေ ရေးဆွဲခဲ့ပါတယ်။

ရေတိုစီမံကိန်း အနေနဲ့ ပြည်ပကနေ သဘာဝဓါတ်ငွေ့ကို ဝယ်ယူပြီး လျှပ်စစ် ဓါတ်အား ထုတ်လုပ်ဖို့စီ စဉ်ထားတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထိန်လွင်က ပြောပါတယ်။

လျှပ်စစ်ဓါတ်အား ကိစ္စနဲ့ ပတ်သက်လို့ သုတေသန လုပ်နေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာ ဒီဇင်ဘာလ မှာ ထွက်လာပြီးရင် လာမယ့်နှစ်မှာ စီမံကိန်းတွေ စနိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။

ပိုက်လိုင်းတွေ များတဲ့ ရန်ကုန်၊ မန္တလေးနဲ့ ကျောက်ဆည် စတဲ့ နေရာတွေကို အရင်ဆုံး ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ဦးထိန်လွင်က ပြောပါတယ်။

လောလောဆယ် မြန်မာနိုင်ငံအနေနဲ့ ရေအားလျှပ်စစ်က ရရှိတဲ့ လျှပ်စစ်ဓါတ်အားကိုသာ အဓိက အသုံးပြုနေပြီး တစ်နိုင်ငံလုံး လျှပ်စစ်မီးရဖို့ လိုအပ်ချက်ရဲ့ ထက်ဝက်ခန့်သာထုတ်လုပ်နိုင် ပါတယ်။

အခုလို သဘာဝဓါတ်ငွေ့ကို ပြည်ပက ဝယ်ယူပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်မယ့် အစီအစဉ်ဟာ အချိန်တို အတွင်း လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် ပေမဲ့ လျှပ်စစ်ဓါတ်အား သုံးစွဲခ ဈေးနှုန်းတွေမြင့်တက် လာနိုင်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာန မှာ ဦးဆောင် ညွှန်ကြားရေးမှူး တာဝန်ယူခဲ့တဲ့ ဦးကြည်သာက ပြောပါတယ်။

နိုင်ငံအများစုမှာ လျှပ်စစ်ဓါတ်အားကို ရေအား၊ ကျောက်မီးသွေးနဲ့ သဘာဝဓါတ်ငွေ့တို့က ထုတ်ယူသုံး စွဲနေပါတယ်။

မြန်မာနိုင်ငံ အနေနဲ့လည်း ရေအားလျှပ်စစ်ကနေ လျှပ်စစ်မီးထုတ်လုပ်ဖို့ အရင်းအမြစ် အမြောက်အမြား ရှိပေမဲ့ဒေသခံတွေ ကန့်ကွက်တဲ့အတွက် မဆောင်ရွက်နိုင်ခဲ့ ပါဘူး။

ဒါပေမဲ့ ရေရှည်မှာ ရေအားကို အသုံးပြုပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့ စဉ်းစား ထားတယ်လို့ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ