အပစ်ရပ်၊ မရပ်အဖွဲ့တွေနဲ့ နိုင်ငံရေး မူဘောင်ဆွေးနွေးပွဲ

  • 12 ဩဂုတ် 2016
NRPC framework
Image caption အားလုံးပါဝင်နိုင်ရေးအတွက် ရည်ရွယ်ဆွေးနွေး နေတယ်လို့ ဆိုကြပါတယ်။

ရန်ကုန်မှာရှိတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (အန်န်အာပီစီ) ရုံးမှာ သြဂုတ်လ ၁၁ ရက်နေ့က စလို့(၃)ရက်ကြာ ပြုလုပ်နေတဲ့ အစည်းအဝေး ဒုတိယနေ့ မှာတော့ အစိုးရ၊ တပ်မတော်၊ လွှတ်တော် ကိုယ်စားလှယ်တွေဟာ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့ ခေါင်းဆောင်တွေ၊ အပစ်ရပ်လက်မှတ် ထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ နဲ့တွေ့ဆုံ ပြီး နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည် သုံးသပ် ဆွေးနွေး ခဲ့ကြပါတယ်။

အခု ပြန်လည် သုံးသပ် ဆွေးနွေးနေတဲ့ နိုင်ငံရေး မူဘောင်ဟာ ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ အစိုးရနဲ့ အပစ်ရပ် လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ တို့ သဘောတူ ရေးဆွဲထားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဒီမူဘောင်ကို အပစ်မရပ်တဲ့ အဖွဲ့တွေပါတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အဖွဲ့ (၇)ဖွဲ့နဲ့ မိုင်းလားအဖွဲ့ တွေကို ချပြပြီး ပြန်လည်သုံးသပ် ဆွေးနွေးကြတာပါ။ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ UNFC က နိုင်ငံရေး ဆွေးနွေးမှု ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ခူးဦးရယ်ကတော့ အချိန် အခက်အခဲကြောင့် မူဘောင် တစ်စုံလုံးကို ညှိနှိုင်းနိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ သြဂုတ်လ ၁၃ ရက်နေ့မှာတော့ အစိုးရဘက်က အဖွဲ့ရယ်၊ နိုင်ငံရေးပါတီတွေရယ်၊ အပစ်ရပ်နဲ့ အပစ်မရပ်သေးတဲ့ လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေ (၃)ပွင့်ဆိုင် တွေ့ဆုံပြီး အသေးစိတ် ထပ်ဆွေးနွေးဖို့ ရှိတယ်လို့လည်း ခူးဦးရယ်က ပြောပါတယ်။

ဒီ ပြန်လည်သုံးသပ်တဲ့ နိုင်ငံရေး မူဘောင်မှာ နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ အချက်တွေ အပြင် (၂၁)ရာစု ပင်လုံညီလာခံမှာ တက်ရောက်မယ့် ကိုယ်စားလှယ် အချိုးအစားလို အချက်တွေပါဝင်ပါတယ်။

Image caption ကျန်နေသေးတဲ့ အဖွဲ့တွေလည်း ပါဝင်လာစေချင်
ကျန်နေသေးတဲ့ သုံးဖွဲ့ အနေအထား

အခု အစည်းအဝေးကို အပစ်ရပ် လက်မှတ်မထိုးထားတဲ့ ၀၊ ကိုးကန့်၊ တအောင်း၊ အေအေ အဖွဲ့က ကိုယ်စားလှယ်တွေကတော့ တက်ရောက်လာတာ မရှိပါဘူး။

အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ ချင်းအမျိုးသား တပ်ဦး (CNF)က ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း ကတော့ ဆွေးနွေးပွဲမတက်တဲ့ လက်နက်ကိုင်အဖွဲ့တွေကိုအစိုးရက သီးခြားစီတွေ့ဆုံဆွေးနွေးနေတယ်လို့ သိထားတဲ့အကြောင်းနဲ့ အဖွဲ့အားလုံးဟာ နိုင်ငံလုံဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေခံရမယ်လို့ သူ့ အနေနဲ့ ယုံကြည်ကြောင်း ပြောပါတယ်။ (၂၁)ရာစု ပင်လုံညီလာခံကို သြဂုတ်လကုန်မှာ ကျင်းပဖို့ ရှိနေပြီး အဲ့ဒီညီလာခံမှာ ၀ နဲ့ မိုင်းလား အဖွဲ့တွေက တက်ရောက်မယ်လို့ အစိုးရကို အကြောင်းပြန်ထားပါတယ်။ ကိုးကန့်၊ တအောင်း၊ အေအေ အဖွဲ့တွေကတော့ ညီလာခံကို တက်ရောက်မလား ဆိုတာဟာ တိတိကျကျ မရှိသေးပါဘူး။ အစိုးရအနေနဲ့ (၂၁)ရာစု ပင်လုံညီလာခံကျင်းပဖို့ ပြင်ဆင်မှုတွေ အရေးတကြီး လုပ်နေပြီး လာမယ့် (၁၅)ရက်နေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေး လုပ်ဖို့ ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ