တရုတ်ခရီးစဉ်မှာ ဒေါ်စု ဘာတွေဆောင်ရွက်နိုင်မလဲ

  • 15 ဩဂုတ် 2016
DASSK China Visit in 2015 ဓာတ်ပုံ မူပိုင် EPA
Image caption ၂၀၁၅ က လည်းတရုတ်အစိုးရ ဖိတ်ကြားချက် အရ ဒေါ်အောင်ဆန်း စုကြည် တရုတ် နိုင်ငံကို သွားခဲ့

အစိုးရသစ် တက်လာပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပထမဆုံး တရုတ် နိုင်ငံ ခရီးစဉ်ကို အခု ရက်ပိုင်း အတွင်းမှာ စတင်တော့မှာ ဖြစ်ပါတယ်။

လေးရက်ကြာ ခရီးစဉ် အတွင်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါဝင် နှစ်နိုင်ငံကြားအကျိုးတူ ကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာန ဘက်က ပြောထားပါတယ်။

တရုတ် သမ္မတ ရှီကျင်ပင်း၊ ဝန်ကြီးချုပ် လီခယ်ကျင်းတို့ အပါဝင် တရုတ် ကွန်မြူနစ်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေ နဲ့လည်း ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ မတိုင်ခင် သွားတာ ဖြစ်လို့ တရုတ် မြန်မာ နယ်နိမိတ်ကို အခြေပြု နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိစ္စတွေ အရေးနဲ့ ရပ်ဆိုင်း ထားတဲ့ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူ ကူမင်း ရေနံပိုက်လိုင်းလို စီမံကိန်း ကိစ္စတွေကိုလည်း ဆွေးနွေး နိုင်ဖွယ် ရှိနေပါတယ်။

ဒီအခြေအနေ တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်း စုကြည် ဘယ်လောက် အဆင်ပြေအောင် လုပ်နိုင်မလဲ ဆိုတာကိုလည်း ပြည်သူအများက သိချင် နေကြပါတယ်။

ဗမာပြည် ကွန်မြူနစ်ပါတီ ပြောခွင့်ရေးဆိုခွင့် ရှိသူ ရဲဘော်ဖိုးသံချောင်း ကတော့ လက်ရှိ အစိုးရက စစ်တပ်နဲ့ ဘယ်လို သဘောတူညီမှုတွေ ရထားတယ်ဆိုတာ ပြည်သူတွေ မသိနိုင်ဘူး၊ တရုတ်နဲ့ သဘောတူ စာချုပ်တွေဟာ အရင်က စစ်ဗိုလ်ချုပ်ဟောင်းတွေက သူတို့ အကျိုးအတွက် လုပ်သွားခဲ့တာ တွေကို ဒေါ်အောင်ဆန်း စုကြည်က ဖျက်ပါ့မလား ဆိုတာလည်း ခန့်မှန်းရ ခက်တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ တရုတ် ခရီးစဉ်မတိုင်ခင် ရက်ပိုင်း မှာပဲ မြစ်ဆုံ မြစ်ညာနဲ့ မြစ်ဝှမ်းဒေသ စီမံကိန်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အတွက်ရော ပြည်ပ ရင်းနှီးမြှုပ်နှံ သူတွေ အတွက်ပါ အကျိုးဖြစ်ထွန်း စေမယ့် နည်းလမ်းတွေ ရှာဖွေဖို့ လေ့လာ စိစစ်ရေး ကော်မရှင် အဖွဲ့ ဖွဲ့ခဲ့ပါတယ်။

ဒါဟာ မြစ်ဆုံကိစ္စကို ဒေါ်အောင်ဆန်း စုကြည်က ဖြေရှင်းဖို့ ပြင်ဆင်နေပုံပဲလို့ တိုင်းရင်းသားအရေး နဲ့မြန်မာ့ နိုင်ငံ ရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စိစစ်ရေး ကော်မရှင်ရဲ့ တွေ့ရှိချက်တွေ ထွက်လာတဲ့အခါ ဒေါ်အောင်ဆန်း စုကြည်က လူထုကို ချပြပြီး တရုတ်နိုင်ငံကိုလည်း ဒီကိစ္စနဲ့ပတ်သက်တဲ့ လူထုအမြင်ကို တင်ပြ ရှင်းလင်း လိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။

ဒီစီမံကိန်းတွေကစစ် အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်က သဘောတူခဲ့ တာ ဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာ ရပ်ဆိုင်း ထားခဲ့ပြီး ဖြစ်ပါတယ်။

တခါ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ တရုတ် ကွန်မြူနစ် ပါတီက နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီး မစ္စတာ ဆောင်းတောင်ရဲ့ မြန်မာ ခရီးစဉ် အတွင်း ၄ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ခဲ့တာကလည်း စိတ်ဝင်စားစရာ ကောင်း ပါတယ်။

ပြည်ပက အရာရှိတွေ မြန်မာ နိုင်ငံကိုလာရင် သမ္မတနဲ့သာမက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ကာကွယ်ရေး စီးချုပ်တို့ကိုပါ တွေ့ရတဲ့ အစဉ်အလာဖြစ်လာရာကနေ အခုတော့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ ထပ်တိုး လာတယ်လို့ ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။

ဒါဟာ မြန်မာပြည် နိုင်ငံရေးရဲ့ ရှုပ်ထွေးမှုကို ဖော်ပြတာလို့ လည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်က မြန်မာရော တရုတ်နိုင်ငံ အတွက်ပါ အရေးပါတဲ့ ခရီးစဉ် ဖြစ်ပါတယ်။

သူ့ခရီးစဉ်ဟာ တရုတ် မြန်မာဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်ရေးမှာ အဓိက ကျတယ်လို့ တရုတ်နိုင်ငံ ဖက်က ပြောထားပါတယ်။

ဒါကိုကြည့်ရင် မြန်မာ အရပ်သား အစိုးရနဲ့ ဆက်ဆံရေး ချောမွေ့အောင် ပြုလုပ်ဖို့ တရုတ်က ဆန္ဒ ရှိနေတယ်လို့ ယူဆရပါတယ်။

ဆက်စပ် အကြောင်းအရာများ