ရခိုင်ပြည်နယ်က ကမန်တိုင်းရင်းသားတွေ ခရီးသွားခွင့်ရ

  • 16 ဩဂုတ် 2016
Image caption ဆယ်စုနှစ်နဲ့ ချီပြီး လွတ်လပ်စွာ ခရီးသွားလာခွင့် ပိတ်ပင်ခံခဲ့ရ

ဆယ်စုနှစ်နဲ့ ချီပြီး လွတ်လပ်စွာ ခရီးသွားလာခွင့် ပိတ်ပင်ခံထားခဲ့ရတဲ့ ရခိုင်ပြည်နယ် က အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသားတွေကို လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ပါပြီ။

ရခိုင်ပြည်နယ်က ကမန်တိုင်းရင်းသားတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးထားပြီ ဖြစ်တယ်လို့ ဩဂုတ်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်က အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ကနေ တရားဝင် ပြောဆိုလိုက်တာပါ။

ရခိုင် ပြည်နယ် အစိုးရ နယ်စပ်ရေးရာ နဲ့ လုံခြုံရေး ဝန်ကြီး၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ပြည်နယ်မှူး နဲ့ ကမန်တိုင်းရင်းသား တိုးတက်ရေး ပါတီ တို့ တွေ့ဆုံစဉ်မှာ ကမန် တိုင်းရင်းသား တွေ အနေနဲ့ မြန်မာပြည် တနံ့တလျား လွတ်လွပ်စွာ သွားလာ နိုင်ကြောင်း အတည်ပြု ပြောဆိုခဲ့တယ်လို့ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်း က ပြောပါတယ်။

အခုဆိုရင် ကမန် တိုင်းရင်းသား တွေဟာ လေယာဉ်တွေနဲ့ စစ်တွေကနေ ရန်ကုန်အပြင် မြန်မာတနံတလျား သွားလာလို့ ရသွားသလို အရင်ကလို ထောက်ခံစာတွေလည်း ယူစရာမလိုတော့ပါဘူး။

သက်ဆိုင်ရာ လဝက အာဏာပိုင် တွေကတော့ ကမန် တိုင်းရင်းသား အမည်နဲ့ တစ်ခြား ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေက နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ လိမ်လည် ရယူခဲ့သူတွေ ရှိတဲ့ အတွက် ခုလို ခရီးသွားလာရေးကို ယခင်က ပိတ်ပင်ရတဲ့ အထိ ဖြစ်လာရတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန က ဝန်ထမ်းတွေ ဟာ မသမာမှုတွေ လုပ်ခဲ့ပြီးမှ ကမန်တွေကို အပြစ် ပုံချခဲ့တာဖြစ်တယ်လို့ တိုင်းရင်းသား တိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောပါတယ်။

ကမန်တိုင်းရင်းသားတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်ကို စစ်အစိုးရ လက်ထက် ကတည်းက ပိတ်ပင်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ရခိုင်အရေးအခင်း ပြီးတဲ့ နောက် အခြေအနေတွေက ပိုဆိုးသွားခဲ့ပါတယ်။

အခုအခါမှာတော့ ခရီးသွားလာရေး အဆင်ပြေသွားခဲ့ပေမယ့် ကမန် ကလေးတွေ ရဲ့ ပညာသင်ကြားရေးကတော့ အခက်အခဲတွေ ဆက်လက်ရှိနေတုန်းပဲလို့ သိရပါတယ်။

စစ်တွေမြို့ပေါ်က ကျောင်းတွေမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ ကမန် တိုင်းရင်းသား ကျောင်းသား ကျောင်းသူတွေ စာသင်ခွင့် ပိတ်ပင်ခံထားရဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့ အခါ မှာ ကျောင်းတက်ခွင့် ပိတ်ပင် ခံထားရတဲ့ ကိစ္စ ကို တင်ပြ သွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ