NCA မထိုးသူတွေပါ တက်ခွင့်ရမယ့် ညီလာခံ ဟန်ပြမဟုတ်လို့ဆို

  • 16 ဩဂုတ် 2016
UPDJC Meeting  16 Agust 2016
Image caption ငြိမ်းချမ်းရေး ညီလာခံမှာ ၇၅၀ တက်ဖို့ ဆုံးဖြတ်ခဲ့

လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ မှာ အစိုးရ အပါအဝင် အစုအဖွဲ့ အသီးသီးက စုစုပေါင်း ၇၅၀ တက်ရောက်ဖို့ သြဂုတ်လ ၁၆ ရက်နေ့က နောက်ဆုံးကျင်းပတဲ့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ် ခဲ့ကြပါတယ်။

အစိုးရဖက်က ၇၅ ယောက်၊ လွှတ်တော်က ၇၅ ယောက်၊ တပ်မတော်က ၁၅၀၊ တိုင်းရင်းသား လက်နက်ကိုင်တွေက ၂၀၀၊ တိုင်းရင်းသား တွေက ၅၀၊ နိုင်ငံရေးပါတီတွေက ၁၅၀၊ ပါဝင်သင့်ပါဝင် ထိုက်သူတွေက ၅၀ စတဲ့ အစုအဖွဲ့ အသီးသီးက တက်ရောက်မယ့် ကိုယ်စားလှယ် အရေအတွက်ကိုလည်း သတ်မှတ်ခဲ့ကြပါတယ်။

နိုင်ငံရေး ပါတီကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲတုန်းက အနိုင်ရတဲ့ ၂၂ ပါတီကသာ ရွေးချယ်ရမှာ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာတော့ NCA အပစ်ရပ် စာချုပ် လက်မှတ်ထိုးပြီးတဲ့ အဖွဲ့တွေရော မထိုးရသေးတဲ့ အဖွဲ့တွေကိုပါ တက်ခွင့် ပေးမှာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဆွေးနွေးပွဲ တက်တဲ့ အခါ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သူတို့ ရဲ့ သဘောထားကို တစ်ဖွဲ့ ၁၀ မိနစ်စီ တင်ပြနိုင်မှာ ဖြစ်ပြီး အဲဒီမတိုင်ခင် တိုင်းရင်းသားတွေကြားမှာ ဆွေးနွေးကြဦးမယ်လို့ UPDJC ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒီညီလာခံမှာ သဘောထားတွေကို တင်ပြကြမှာသာ ဖြစ်ပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အပြန်အလှန် ဆွေးနွေးတာ၊ ဆုံးဖြတ်ချက်ချတာတွေ ပြုလုပ်မှာ မဟုတ်ပါဘူး။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့် ကတော့ ဒီညီလာခံဟာ နိုင်ငံရေး ဆွေးနွေးမှုကို သွားမယ့် လမ်းကြောင်းကို တံခါးဖွင့်ပေး လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အရင်အခင်းအကျင်းတုန်းက အားလုံး ပါဝင်နိုင်ရေး လို့ ပြောခဲ့ပြီး တက်ရောက်ခွင့် မရခဲ့ကြတဲ့ အဖွဲ့တွေ ရှိနေပေမဲ့ အခုတော့ အားလုံးကို ဖိတ်မယ့် သဘောရှိတယ်လို့ သူက ပြောပါတယ်။

NCA မထိုးတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေး ညီလာခံ တက်ခွင့် ရတယ် ဆိုတာ ဟန်ပြ မဟုတ်တဲ့ မှန်ကန်တဲ့ လမ်းဖွင့်ပေးမှုဖြစ်တယ်၊ မှန်ကန်တဲ့ ခြေလှမ်း ဖြစ်တယ်လို့ ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

ဒီငြိမ်းချမ်းရေး ညီလာခံကနေ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပြီးအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျမှသာ နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ၆ လ တစ်ကြိမ် ကျင်းပဖို့ ဒီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ ကြပေမဲ့ စတင်မဲ့ရက်ကိုတော့ မဆုံးဖြတ်နိုင်ခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ