ငွေကြေးခဝါချမူ ၂၀ ကျော် စိစစ် ဖော်ထုတ်နိုင်

  • 17 ဩဂုတ် 2016
Myanmar Kyats
Image caption ငွေကြေးခဝါချမှု တချို့ကို ဖော်ထုတ်နိုင်ပေမဲ့ အများကြီး ကျန်နေသေး

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ရက်၁၀၀ အတွင်း ဆောင်ရွက်တဲ့ စီမံကိန်းတွေ ထဲမှာ ငွေကြေး ခဝါချမှု လုပ်ငန်းတွေကို စုံစမ်း ဖော်ထုတ်မှုလည်း ပါဝင်ခဲ့ပါတယ်။

NLD အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်း အတွင်း ဗဟိုဘဏ်က စိစစ်ခိုင်းထားတဲ့ ငွေကြေး ခဝါချမှု အမှုပေါင်း ၃၉ မှုကို စိစစ်ခဲ့ပြီး ၂၉ မှုကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗဟိုဘဏ်က စိစစ်ခိုင်းထားတဲ့ အမှုတွေအများစု ပါဝင်တဲ့ စိစစ် ဖော်ထုတ်နိုင်တဲ့ ၂၉ မှုမှာ ဘဏ်လုပ်ငန်း လုပ်ကိုင်သူတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်သူတွေ များတယ် လို့ ပြည်ထဲရေး ဝန်ကြီးဌာန အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက ပြောပါတယ်။

အသစ်ဖွင့်တဲ့ ဘဏ်တွေမှာ ရှယ်ယာထည့်သူတွေ သိန်း တစ်ထောင်အထက် ပါဝင်တဲ့သူတွေကို ဗဟိုဘဏ်က သတင်းပို့ပြီး သူတို့ကလည်း စစ်ဆေးတာတွေ လုပ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှုး ဦးအောင်မျိုးက ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ အရ ငွေကြေးပမာဏဟာ ကျပ်သိန်းပေါင်း ထောင်ဂဏန်းကနေ သိန်းပေါင်း သောင်းဂဏန်း ထိရှိတယ်လို့ ဆိုပါတယ်။

ဖော်ထုတ်နိုင်ခဲ့တဲ့ အမှုတွေကိုတော့ တရားစွဲဆို ထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဘယ်သူဘယ်ဝါတွေဆိုတာကိုတော့ ဦးအောင်မျိုးက ထုတ်ဖော် မပြောပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ကတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တချို့ကို ဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့် တော်တော်များများ ချပေးခဲ့ပါတယ်။

NLD အစိုးရ လက်ထက်မှာ ငွေကြေး ခဝါချမှု တချို့ကို ဖော်ထုတ်နိုင်ခဲ့ပေမဲ့ နောက်ထပ် အများကြီး ကျန်နေပါသေးတယ်။

အခုလို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လာတဲ့ အတွက် ငွေကြေးခဝါချတဲ့သူ တချို့က ပြည်ပနိုင်ငံက ကုန်ပစ္စည်းတွေကို ဝယ်ယူပြီးတရုတ်နိုင်ငံကို ပြန်လည်တင်ပို့တဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင် လာကြတယ်လို့ အဲဒီအသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ