ရေမြုပ်နေတဲ့ စပါးစိုက်ခင်းတွေထဲက တဝက်ကျော် ပျက်စီးမယ့်ပုံရှိ

  • 19 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption မကြာခင် တိုက်မယ့် မုန်တိုင်းကြောင့် မိုးထပ်ရွာဖို့ ရှိပြီး လယ်ဧက တဝက်ကျော် ပျက်စီးမယ့်ပုံရှိ

မြန်မာနိုင်ငံ တဝှမ်း မိုးကြီး ရေလျှံတဲ့အတွက် စပါးစိုက်ခင်း လယ်ဧကပေါင်း ၅သိန်း ၈သောင်းလောက် ရေမြုပ်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက ထုတ်ဖော်ပြောပါတယ်။

မကြာခင် တိုက်ခတ်မယ်လို့ ခန့်မှန်းထားတဲ့ မုန်တိုင်းအရှိန်နဲ့ မိုးထပ်ရွာသွန်းဖို့ ရှိနေတာကြောင့် အဲဒီ စပါးစိုက်ခင်းတွေထဲက လယ်ဧက တဝက်ကျော်လောက် ရေပြန်ပေါ်ဖို့ မမြင်ပဲ ပျက်စီး ဆုံးရှုံးရဘွယ် ရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ပြောပါတယ်။

တနှစ်က ရေကြီးမှုတွေကြောင့် မနှစ်က နိုင်ငံခြားကို ဆန်စပါး ၁သန်းခွဲသာ တင်ပို့နိုင်ခဲ့ကြောင်းနဲ့ ဒီနှစ်မှာ စပါးခင်းတွေ ပျက်စီးမှုကြောင့် နိုင်ငံခြားကို တင်ပို့တဲ့ ဆန်စပါး ပမာဏ လျော့ကျသွားဘွယ် ရှိကြောင်း သူက ပြောပါတယ်။

ဒါပေမယ့်လည်း တိုင်းပြည်အတွက် ဆန်စပါး ရိက္ခာ ပမာဏကတော့ လုံလောက်ရုံ အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။