ကေအိုင်အေ ဌာနချုပ် လိုင်ဇာ အနီး တပ်မတော် ဘက်က ပစ်ခတ်

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၁ ရာစု ပင်လုံ ညီလာခံ အတွက် ဖိအား ပေးတဲ့ သဘောလား

ဩဂုတ်လ ၁၈ ရက် မနက်ပိုင်းမှာ ကေအိုင်အေ ကချင် လွတ်မြောက်ရေး တပ်မတော် ဌာနချုပ် ရှိရာ လိုင်ဇာနား တဝှိုက်က နေရာ ၅ ခု ကို အစိုးရ တပ်မတော် ကနေ လက်နက်ကြီး တွေနဲ့ ပစ်ခတ် ခဲ့တယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

ကျောင်းသား တပ်မတော် တပ်စွဲ ထားတဲ့ နေရာကိုလည်း လက်နက်ကြီး တွေနဲ့ လှမ်းပစ် တယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

တပ်မတော် အနေနဲ့ အရေးကြီးတဲ့ ဗျူဟာ ကုန်းတွေ၊ နေရာ တွေ ရှိနေ သလား လို့ ယူဆ မိကြောင်း၊ ဒါပေမယ့် အတိ အကျ တော့ မပြောနိုင် ကြောင်း ဒုဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဒါ့အပြင် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပဖို့ အချိန်နီး လာတာ ဖြစ်တဲ့ အတွက် ဖိအား ပေးတဲ့ သဘောလားလို့ လည်း တွက်ဆ မိကြောင်း သူရဲ့ ကိုယ်ပိုင် အမြင်ကို ပြော ပါတယ်။

ပင်လုံ ညီလာခံကို ကေအိုင်အေ တက်ဖို့ ဆိုတာလည်း ဆုံးဖြတ်ချက် အတိ အကျ မရှိ သေးဘူးလို့ သိရပြီး တိုက်ပွဲ ဖြစ်မယ့် အလား အလာတွေ ရှိနေ ပါတယ်။

ညီလာခံ တက်ရေး မတက်ရေး ဟာလည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ကောင်စီ UNFC ရဲ့ သဘော အတိုင်း သွားမှာ ဖြစ်တယ် လို့လည်း ဒုဗိုလ်မှူးကြီး နော်ဘူက ပြောကြား သွားပါတယ်။