လက်နက်ကိုင် ၃ဖွဲ့ ပင်လုံညီလာခံ တက်ရောက်နိုင်ရေး မသေချာ

  • 19 ဩဂုတ် 2016
ta ang ဓာတ်ပုံ မူပိုင် AP
Image caption တအာင်း ပလောင် အပါအဝင် လက်နက်ကိုင် ၃ ဖွဲ့ကို တပ်မတော် က လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ် ဖို့ ပြောထား

တပ်မတော်ဘက် က အပစ်မရပ်ထားသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ နဲ့ပတ်သက်ပြီး သူတို့ထုတ်ခိုင်းထားတဲ့ လက်နက်ကိုင်လမ်းစဉ် ကို စွန့်လွှတ်ပါ့မယ် ဆိုတဲ့ ကြေညာချက်ထုတ်မှ သာ ၂၁ ရာစု ပင်လုံ ညီလာခံတက်ခွင့်ရမှာ လို့ ပြောတဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဘက်ကလည်း အဲဒီ ကြေညာချက် မထုတ် နိုင်ဘူးလို့ ဆိုကာ ပယ်ချလိုက်ပါတယ်။

အစိုးရရဲ့ အားလုံးပါဝင်ရေးမူ အရ ၂၁ ရာစုပင်လုံညီလာခံ မှာ သူတို့ပါ ပါဝင် တက်ရောက်ခွင့် ရပြီ လို့ ယူဆ ထားတဲ့ တအာင်း ပလောင် TNLA ရခိုင် AA နဲ့ ကိုးကန့် MNDAA လက်နက်ကိုင်တပ်ဖွဲ့တွေ ဟာ သူတို့ ညီလာခံကို တက်ရောက် ဖို့ အဆင်သင့်ရှိတဲ့ အကြောင်း သဘောထား ကို ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲထုတ်ပြန်ခဲ့ပါတယ်။

သူတို့သဘောထား ထွက်လာပြီးနောက်တရက် ဖြစ်တဲ့ ကြာသပတေးနေ့မှာတော့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် က တပ်မတော်ကိုယ်စားလှယ် ဦးခင်ဇော်ဦး က အရင်ပြောထားတဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ပါ့မယ် ဆိုတဲ့ ကြေညာချက် ထုတ်မှသာ သူတို့ကို ညီလာခံတက်ခွင့်ပြုမှာ လို့ ပြောခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ကတော့ အဲလို ကြေညာချက်ထုတ်ခိုင်းတာ ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား သူတို့ ၃ ဖွဲ့ကို ပဲ ပစ်မှတ်ထားထုတ်ခိုင်းနေတာ ဖြစ်ပြီး ဒါဟာ သူတို့ကို လက်နက်စွန့်ဖို့ ကတိပြုခိုင်း နေတာ ဖြစ်တဲ့အတွက် လက်မခံကြောင်း TNLA ရဲ့ အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော် က ဘီဘီစီ ကို ပြောပါတယ်။

သူတို့အနေနဲ့ ညီလာခံတက်ရောက်ဖို့အရေး မရေမရာ ဖြစ်နေတဲ့အပေါ် ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေး ကော်မီတီ က ဘာဆက်လုပ်မလဲ ဆိုတာ စောင့်ကြည့်သွားမယ် လို့ လည်း သူ က ဆိုပါတယ်။