ရခိုင်မှာ ကူးတို့ လှေတစ်စီး နစ်မြုပ် ၃ ဦး သေဆုံး

  • 21 ဩဂုတ် 2016
Image caption ကျောင်းသား ကျောင်းသူ ၁၇ ဦးကို တင်ဆောင်ထားတဲ့ ကူးတို့လှေ တစ်စီး ချောင်းအကူးမှာ နစ်မြုပ်

ဩဂုတ်လ ၁၉ ရက် သောကြာနေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ကူးတို့ လှေ တစ်စီး နစ်မြုပ်ရာမှာ ပျောက်ဆုံးနေတဲ့ ကျောင်းသူ သုံးဦးရဲ့ အလောင်းကို စနေနေ့ မှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ရန်အောင်ပြင် အထက်တန်း ကျောင်း ကို ကျောင်းသွားတက်တဲ့ ကျောင်းသား ကျောင်းသူ ၁၇ ဦးကို တင်ဆောင်ထားတဲ့ ကူးတို့လှေ တစ်စီး ချောင်းအကူးမှာ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသား၊ကျောင်းသူ ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကျောင်းသူ လေးဦးက ပျောက်ဆုံးနေရာမှာ ညနေပိုင်းထိ ကျောင်းသူ အလောင်း သုံးလောင်းကို ရေထဲက ရှာဖွေ ရရှိခဲ့ပါတယ်။

ပျောက်ဆုံး နေသူ ၄ ဦး ထဲက သုံးယောက် ရဲ့ အလောင်း ကို ပြန်လည် ရရှိ ခဲ့တယ်လို့ အခင်း ဖြစ်တဲ့ နေရာကို ရောက်နေတဲ့ မယူ ကမ်းဒေသ ဖွံ့ဖြိုးရေး အသင်း ဒုဥက္ကဋ္ဌ ဦးမောင်ကျန်ဝေက ပြောပါတယ်။

သေဆုံးတဲ့ ကျောင်းသူတွေထဲမှာ ၉ တန်း တစ်ဦး၊ ခုနှစ်တစ်ဦး ငါးတန်းကျောင်းသူ နှစ်ဦးတို့ဖြစ်ကြပြီး ကျောက်စာတိုင်ရွာက ဖြစ်ကြပါတယ်။

ကူးတို့ လှေဟာ စက်တပ်လှေ ဖြစ်ပြီး ဦးပိုင်းက ရေဝင်တာကြောင့် စက်ကို ရပ်လိုက်တာနဲ့ နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။

ဈေးကုန်တန်းရွာက ကမ်းစပ်မှာ လှေကို ပြုပြင် နေတဲ့ ဦးမောင်အေးက မိန်းခလေးကျောင်းသူ ၅ ဦးကယ်တင်နိုင်ခဲ့တဲ့ အတွက် မဟုတ်ရင် ဒီထက် အသေအပျောက် များနိုင်တယ်လို့ ပြောပါတယ်။

ဒီနှစ် ဇွန်လ ၁ ရက် ကျောင်းဖွင့်တဲ့နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ပိုးရီပြင် အထက်တန်းကျောင်းကနေ အိမ်ကို ပြန်တဲ့ ကျောင်းသား ကျောင်းသူ ခုနှစ်ဦးဟာလည်း လှေနစ်ပြီး သေဆုံးခဲ့ရပါတယ်။

တံတား ထိုး ပေးမယ့် နေရာ၊ လမ်းဖောက် ပေးရမယ့် နေရာတွေကို မလုပ်ပေးတဲ့ အတွက် ကလေး တွေက စက်လှေ နဲ့ အဝေး ကြီးကို ကျောင်းသွား တက်နေရတယ်လို့ ရခိုင်ပြည်နယ် ပညာရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

လောလောဆယ်မှာတော့ ကူးတို့လှေတွေကို ကြံ့ခိုင်မှု ရှိ မရှိ စစ်ဆေးဖို့နဲ့ သတ်မှတ်ထားတဲ့ အရေအတွက်ထက် ပိုတင်တဲ့ ကူးတို့လှေတွေကို သက်ဆိုင်ရာက အရေးယူဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ် ပညာရေးဌာန အနေနဲ့ ကူးတို့လှေနဲ့ ကျောင်းတက်နေတဲ့ ကလေးတွေ လုံခြုံရေးကို စီမံဆောင်ရွက်နိုင်အောင် စာရင်းတွေကို ကောက်ယူသွားဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ