၂၁ရာစု ပင်လုံညီလာခံမှာ အပစ်မရပ်အဖွဲ့တွေရဲ့ ပါဝင်ခွင့်

  • 20 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် U Hla Maung Shwe Photo
Image caption ဒီ၃ရက်ကြာ အစည်းအဝေးက ရလဒ်တွေကို အခြေပြုပြီးမှ ပင်လုံညီလာခံမှာ အပစ်မရပ် အဖွဲ့တွေ ဘယ်လောက်ပါ၀င်မလဲဆိုတာ အဖြေထွက်မယ်လို့ ဗိုလ်ချုပ်ဂွမ်မော် ပြော

အခုလကုန် ကျင်းပတော့မယ့် ၂၁ရာစု ပင်လုံ ညီလာခံ အတွက် အကြိုပြင်ဆင်မှုတွေ လုပ်တဲ့အနေနဲ့ NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နဲ့ အစိုးရဘက်က ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ၂၁ရာစု ပင်လုံညီလာခံ အကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၂) တို့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

၂၁ရာစု ပင်လုံညီလာခံမှာ အပစ်မရပ် အဖွဲ့တွေ ဘယ်လောက် အတိုင်းအတာအထိ ပါဝင်ခွင့် ရနိုင်မလဲ ဆိုတာတွေကို နှစ်ဖက် ခေါင်းဆောင်တွေက အဓိကထား ဆွေးနွေးနေကြတာပါ။

လာမယ့် ညီလာခံမှာ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ (၈)ဖွဲ့နဲ့အတူ လက်မှတ်ထိုး မထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံး တက်ရောက်ခွင့် ရမယ်လို့ အစိုးရဖက်က ပြောထားပေမယ့် ဘယ်လောက် ပါဝင် ဆွေးနွေးခွင့် ရမလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောမထားပါဘူး။

UNFC အဖွဲ့က DPN နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ရဲ့ ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်ကတော့ ၃ရက်ကြာ ကျင်းပမယ့် ဒီအစည်းအဝေးက ရလာမယ့် ရလဒ်၊ နိုင်ငံရေး မူဘောင်၊ ကျင်းပရေး ကော်မီတီမှာ တာဝန်ခွဲဝေရေး ဆိုတဲ့ အချက်၃ချက်ကို အခြေပြုပြီးမှ ဒီညီလာခံမှာ သူတို့ ဘယ်လောက် ပါဝင်မလဲ ဆိုတဲ့ အဖြေ ထွက်လာမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

တခါ တအာင်း ပလောင် TNLA ၊ ရခိုင်AA ၊ ကိုးကန့် MNDAA စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ဖွဲ့ အနေနဲ့လည်း ညီလာခံ တက်ရောက်ရေးနဲ့ ပတ်သက်လို့ ခုချိန်ထိ အစိုးရနဲ့ ညှိနှိုင်းလို့ အဆင်မပြေသေးပါဘူး။

ဒီ ၃ဖွဲ့ကတော့ ညီလာခံတက်ရောက်ဖို့ ဆန္ဒရှိတယ်ဆိုပြီး ထုတ်ပြန်ထားတာ ရှိပေမယ့် အစိုးရဘက်ကတော့ ခုချိန်ထိ ညီလာခံ ဖိတ်ကြားစာ မပို့သေးပါဘူး။

အရင်တုန်းကတော့ ဒီ၃ဖွဲ့နဲ့ ပတ်သက်လို့ UNFC ကနေတဆင့် အစိုးရ နဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ပေမယ့် အခုတော့ အစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးနေတာ ဖြစ်ပါတယ်။

UNFC က ဗိုလ်ချုပ် ဂွမ်မော်ကတော့ အဲဒီ ၃ဖွဲ့နဲ့ သူတို့ ဆက်သွယ်နေပြီး ညှိနှိုင်းပေးဖို့ လိုအပ်ရင် ကြားဝင် စေ့စပ် ဆွေးနွေးတာမျိုးတွေ လုပ်ပေးမယ်လို့ ပြောပါတယ်။

NCA တနိုင်ငံလုံး အပစ်ရပ်စာချုပ် မှာ အခက်အခဲ ကြုံလာရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ၊ ၂ဖက် အပြန်အလှန် အပစ်အခတ် ရပ်စဲဖို့ အချက်တွေအပြင် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ကို ပိုမို အားကောင်းအောင် ဖွဲ့စည်းဖို့ စတဲ့ UNFC ဘက်က အဆိုပြုထားတဲ့ အချက် (၈)ချက်ကို ဒီကနေ့ သြဂုတ်လ ၂၀ရက်နေ့မှာ ဆွေးနွေးခဲ့ကြပြီး မနက်ဖြန် သြဂုတ်လ ၂၁ရက်နေ့ မှာတော့ နိုင်ငံရေး မူဘောင်ကိစ္စကို ဆက်ပြီး ဆွေးနွေးကြဖို့ ရှိပါတယ်။