ပင်လုံညီလာခံ တက်မယ့်အဖွဲ့ အချိုးအစား ညှိနေဆဲ

ဓာတ်ပုံ မူပိုင် U Hla Maung Shwe Photo
Image caption ညီလာခံ တက်မယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ် အချိုးအစားကို ညှိနှိုင်းနေဆဲ

သြဂုတ်လ ၃၁ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရာစု ပင်လုံညီလာခံ အတွက် ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ အစိုးရဘက်က ကိုယ်စားလှယ်တွေ ၊ အပစ်ရပ်နဲ့ အပစ်မရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ ရန်ကုန်မြို့မှာ ၂ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

၂၁ရာစု ပင်လုံညီလာခံမှာ ပြင်ဆင်မှုတွေ အနေနဲ့ ညီလာခံကို တာဝန်ယူမယ့် သဘာပတိတွေရဲ့ အခန်းကဏ္ဍ၊ ကိုယ်စားလှယ် အချိုးအစား၊ တက်ရောက်သူတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း စတာတွေနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပါတ်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ် အယောက် ၂၀၀ ၂၁ရာစု ပင်လုံ ညီလာခံ တက်ဖို့ အတည်ပြုထားပါတယ်။

ဒါပေမယ့် အပစ်ရပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ် အချိုးအစား ဘယ်လောက် တက်ရောက်မလဲ ဆိုတာကိုတော့ ညှိနှိုင်းနေရဆဲ ဖြစ်ပါတယ်။

အပစ်ရပ် လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ဖွဲ့ ရှိတဲ့အနက် နာဂ အဖွဲ့က လေ့လာသူ အဖြစ်သာ တက်ရောက်ဖို့ ရှိပြီး ကျန်တဲ့ အဖွဲ့ ၂၀ထဲက ဘယ်အဖွဲ့တွေ ညီလာခံ တက်မလဲ ဆိုတာကို အပြီးသတ် မဆုံးဖြတ်ရသေးဘူးလို့ အပစ်ရပ် လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေး ဆွေးနွေးမှု ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ခူးဦးရယ်က ဘီဘီစီကို ပြောပါတယ်။

၂၁ရာစု ပင်လုံ ညီလာခံမှာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် ဘက်က ကိုယ်စားလှယ် အယောက် ၃၀၀ တက်ရောက်မှာ ဖြစ်ပြီး နိုင်ငံရေး ပါတီတွေဘက်ကတော့ ကိုယ်စားလှယ် ၁၅၅ဦး တက်ရောက်ဖို့ ရှိနေပါတယ်။

ရွေးကောက်ပွဲမှာ အရွေးမခံရတဲ့ ပါတီ ၇၀ ထဲကနေ ညီလာခံ တက်ဖို့ ကိုယ်စားလှယ် ၅ဦးကိုတော့ သြဂုတ်လ ၂၃ရက်နေ့မှာ အဲဒီ နိုင်ငံရေးပါတီတွေက ရွေးချယ်မှာ ဖြစ်ပါတယ်။

အခုလကုန်ကျင်းပတော့မယ့် (၂၁)ရာစု ပင်လုံညီလာခံမှာ အရေးပါတဲ့ သဘာပတိ၊ အခမ်းအနားမှူးတွေ နဲ့ ပတ်သက်လို့တော့ သြဂုတ်လ ၂၂ရက်နေ့ အစည်းအဝေးမှာ ရွေးချယ်ဖို့ စီစဉ်ထားပါတယ်။