ရဲတပ်ဖွဲ့ စွမ်းဆောင်ရည် တိုးမြှင့်ပေးဖို့ လိုနေပြီ

  • 21 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် myanmar police force
Image caption ရဲ အရာရှိ အဆင့်မြင့် သင်တန်း ဆင်းပွဲ

မန္တလေးတိုင်းရဲတပ်ဖွဲ့ရဲ့ ရက် ၁၀ဝ စီမံချက် ဆောင်ရွက်ချက်နဲ့ မှုခင်းကျဆင်းရေး မူးယစ်ဆေးတားဆီးနှိမ်နင်းရေးနဲ့ လုံခြုံရေး ကိစ္စတွေအတွက် အလုပ်ရုံဆွေးနွေးပွဲကို အစိုးရ ၊ အရပ်ဖက်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး မန္တလေးမှာ ကျင်းပခဲ့ပါတယ်။

ဒီကနေ့ အလုပ်ရုံဆွေးနွေးပွဲကရတဲ့ရလာဒ်တွေကိုတော့ အဆင့်ဆင့်ဆွေးနွေးတင်ပြပြီးရင် ရပ်ရွာအေးချမ်းသာယာရေးကို အထောက်ကူပြုတဲ့ ပြည်သူပူးပေါင်းတဲ့ ရဲလုပ်ငန်းစနစ်ပိုမိုကောင်းမွန်လာမယ်မျှော်လင့်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်က မိန့်ခွန်းပြောသွားပါတယ်။

မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်းကို ပထမဆုံးအနေနဲ့ ရက် ၁၀ဝ စီမံချက်အရ မှုခင်းတွေ ကျဆင်းမှု ရှိမရှိ မေးမြန်းရာမှာ သူက လုယက်မှုတွေ လျော့သွားခဲ့ပြီး ဒါဟာလည်း ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ဖမ်းဆီးတာတွေ ရှိခဲ့တဲ့ အတွက်လို့ သူက ဆိုပါတယ်။

အမှုကြီးတွေ အနေနဲ့တော့ တိုးလာခဲ့ပြီး မူးယစ် ဆေးဝါးရောင်း၀ယ်မှုတွေကိုတော့ စီမံချက်တွေ ချမှတ် အကောင်အထည် ဖော်နေသလို မန္တလေး မြို့ ၀င်ပေါက် ထွက်ပေါက်တွေမှာ စစ်ဆေး ဆောင်ရွက် လျက် ရှိတယ်လို့ သူက ပြောပါတယ်။

လူထု အနေနဲ့ လုံလောက် တိကျ လုံခြုံမှု ရှိတဲ့ သတင်းတွေ ပေးဖို့ လိုပြီး အဲဒီလိုသာ ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် သူတို့ဖက်ကလည်း အင်တိုက်အားတိုက် လုပ်သွားဖို့ ရှိတယ်လို့ ရဲမှူးကြီးက ဆိုပါတယ်။

လက်ရှိမှာ မှုခင်းတွေ ကျဆင်းသွားတယ် ဆိုပေမယ့် အိုးဘိုထောင်ထဲမှာ အကျဉ်းသားတွေ များနေတာဟာ မူးယစ်ဆေးဝါးမှုနဲ့ လောင်းကစားမှုတွေ ဖမ်းဆီးနိုင်လို့ ပိုများလာတာ ဖြစ်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

ရဲတပ်ဖွဲ့ အနေနဲ့ လူတန်းစား ပေါင်းစုံနဲ့ ဖွဲ့စည်းထားတာမို့ တခါတရံမှာ လူထုကို ဆက်ဆံရာမှာ ရိုင်းပြ မောက်မာမှုတွေ ရှိတာနဲ့ ပတ်သက်လို့လည်း တန်းစီတဲ့ အချိန်မှာ အထက် အရာရှိတွေက ညွှန်ကြား ဆုံးမခဲ့ကြောင်း ၊ သူတို့ အနေနဲ့ နေ့ည မပြတ် တာ၀န် ထမ်းရသူတွေမို့ စိတ်ပမ်း လူပမ်း ဖြစ်ပြီး အခုလို တုန့်ပြန်မိတာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

ရဲတပ်ဖွဲ့ အနေနဲ့ စွမ်းရည် မြင့်လာအောင် ကနဦး သင်တန်းတွေ အများအပြား ပို့ချပေးဖို့ လိုနေပြီး အဲဒီကတဆင့် လက်ရှိ သင်တန်းကျောင်း ခုနှစ်ခု အပြင် တိုးချဲ့ ဖွင့်လှစ် သွားဖို့ကိုလည်း ကြိုးစားနေတယ်လို့ ရဲမှူးကြီး ဟန်ထွန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ