၂၁ ရာစု ပင်လုံကို ဘန်ကီမွန်း လာတက်မယ့် သတင်း ထွက်ပေါ်

ban_ki-moon_myanmar_officials ဓာတ်ပုံ မူပိုင်
Image caption ၂ဝ၁၄ တုန်းက နေပြည်တော် အာဆီယံ ထိပ်သီး အစည်းဝေးကို လာတက်တဲ့ ကုလ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း။

မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အခု ဩဂုတ်လ အကုန်မှာ ကျင်းပ ဖို့ စီစဉ် ထားတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ကို ကုလသမဂ္ဂ အတွင်းရေးမှုး ချုပ် ဘန်ကီမွန်း တက်ရောက် မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက် ပေါ် နေပါတယ်။

မစ္စတာဘန် တက်ရောက်မယ့် အကြောင်းကို သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက အတည်ပြု ပြောပေမယ့် အသေးစိတ် တော့ မထုတ်ပြန်ဘူး ဆိုပြီး အေဂျင်စီ သတင်း တစ်ပုဒ်က ကိုးကား ဖော်ပြ သလို၊ တိုင်းရင်းသား လက်နက်ကိုင် တပ် တချို့ ဆီကလည်း သိရတယ်လို့ ဆိုပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံ ကို မစ္စတာဘန် တက်ရောက် မယ် ဆိုတာဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေတဲ့ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက အားပေး ထောက်ခံတာ ကို အခိုင်အမာ ပြသရာ ရောက်တယ် ဆိုတဲ့ သုံးသပ် မှု တွေ လည်း ရှိနေပါတယ်။

ဒါပေမယ့် ၂၁ ရာစု ညီလာခံ မှာ လက်နက်ကိုင် တပ်ဖွဲ့ အားလုံး ပါဝင် နိုင်ရေး ကတော့ မသေချာ မရေရာ ရှိနေဆဲ ဖြစ်ပြီး တအောင်းပလောင် တပ် TNLA ၊ ကိုးကန့်တပ် MNDAA နဲ့ ရခိုင် AA အဖွဲ့တွေ တက်ရောက် နိုင်ရေး အတွက် ညှိနှိုင်း နေရဆဲ ဖြစ်တယ်လို့ ရန်ကုန်က ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီ အခြေအနေ မှာပဲ ရခိုင်ပြည်နယ် အခြေစိုက် နိုင်ငံရေး ပါတီ တစ်ခု ဖြစ်တဲ့ ရခိုင်မျိုးချစ် ပါတီ APP က AA အဖွဲ့ အပါအဝင် တခြား လက်နက်ကိုင် တပ် တချို့ ၂၁ ရာစု ညီလာခံ ထဲ ပါဝင် နိုင်မှာ မဟုတ် တာကြောင့် အားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေး ညီလာခံ လို့ ခေါ်ဆို လို့ မရနိုင် ဘူး ဆိုပြီး ဝေဖန်လိုက်ပါတယ်။

ဒါ့ကြောင့် ရခိုင်မျိုးချစ် ပါတီ APP အနေနဲ့လည်း ၂၁ ရာစု ပင်လုံ ညီလာခံကို တက်ရောက်မှာ မဟုတ်ဘူး ဆိုပြီး ပါတီ ဥက္ကဌ ဦးဇော်ဝင်းထွန်းက ဘီဘီစီကို အတည်ပြု ပြောကြား ခဲ့ပါတယ်။

APP ပါတီလိုပဲ ၂ဝ၁၅ ရွေးကောက်ပွဲ တုန်းက အနိုင်မရ ခဲ့တဲ့ ပါတီ တွေ ထဲက စုစုပေါင်း လူ ၅ ယောက်ကိုပဲ ရွေးချယ်ပြီး ၂၁ ရာစု ပင်လုံ ညီလာခံမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ အစုအဖွဲ့ ထဲ ထည့်သွင်း တက်စေမယ့် အစီအစဉ် အပေါ် မှာလည်း မကျေနပ်မှု တွေ ရှိနေပါတယ်။

အစိုးရ လက်အောက်ခံ ဖြစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ရန်ကုန်ရုံးမှာ ဒီကနေ့ ဩဂုတ်လ ၂၃ ရက် အင်္ဂါနေ့ ကျရင် အနိုင်မရ ပါတီ အဖွဲ့ ၇ဝ ထဲက ၅ ဦး ရွေးချယ် ကြဖို့ ရှိနေပေမယ့် အဲဒီ့ ပွဲကို မတက် ရောက်နိုင်ဘူးလို့ ထုတ်ပြော ထားတဲ့ ပါတီ တချို့ ရှိနေ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ