ဝန်ကြီးဌာန အသုံးစရိတ်တွေ လျှော့ချ

  • 23 ဩဂုတ် 2016
parliament ဓာတ်ပုံ မူပိုင် Reuters
Image caption လႊတ်တော်မှာ အသုံးစရိတ် လျှော့ချဖြတ်တောက်

၂၀၁၆ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းထဲမှာ အစိုးရဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်တွေကို လျှော့ချလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတွေကလွဲပြီး ကျန်ဝန်ကြီးဌာန အားလုံးရဲ့ အသုံးစရိတ်တွေကို လျှော့ချခဲ့တာ ဖြစ်ပါတယ်။

ဘတ်ဂျက်လိုငွေများနေတာနဲ့ ဝန်ကြီးဌာနတချို့ ဖြုတ်လိုက်တာတွေကြောင့် ဘတ်ဂျက် ဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။

လျှော့ချလိုက်တဲ့ အသုံးစရိတ်တွေထဲမှာ နိုင်ငံခြားခရီးစဉ်အတွက် အသုံးစရိတ်၊ ဝန်ကြီးဌာနတွေရဲ့ ဧည့်ခံစရိတ်နဲ့ စက်သုံးဆီ စရိတ်တွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်တွေဟာ တိုင်းပြည် ဆင်းရဲမွဲတေတာနဲ့ မကာမိအောင် မတန်တဆ များပြားလွန်းတယ်လို့ အစဉ်တစိုက် ဝေဖန်မှုတွေရှိပါတယ်။

ဒါ့ကြောင့် အခု အသုံးစရိတ်လျှော့ချရာမှာ ကာကွယ်ရေး အသုံးစရိတ်မလျှော့ချတာကို ဝေဖန်မှုတွေ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ခေတ်မီတဲ့ တပ်မတော် ဖွဲ့စည်းတည်ထောင်ဖို့ စံချိန်မီဖို့ လိုအပ်ကြောင်း၊ ဒီ့ထက်ပိုပြီး ဖြည့်ဆည်းပေးဖို့တောင် လိုအပ်ကြောင်း အဲဒါကြောင့် ကာကွယ်ရေး ဘတ်ဂျက်ကို မဖြတ်တောက်တာ ဖြစ်ကြောင်း ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။