ပုဂံအနီး ငလျင်ကြီး လှုပ်ခတ်

  • 24 ဩဂုတ် 2016
quake ဓာတ်ပုံ မူပိုင် myanmar ministry of religion
Image caption ဘုရားပုထိုး စေတီတွေ ပျက်စီးမှုရှိ

ဒီနေ့ညနေ မြန်မာစံတော်ချိန် ၅ နာရီ ၅မိနစ်အချိန်က ချောက်မြို့နဲ့ ၁၂ မိုင်အကွာကို ဗဟိုပြု ပြီး ပြင်းအား ၆.၈ ရစ်ချ်တာ စကေးရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က ဘီဘီစီကိုပြောပါတယ်။

ရန်ကုန်၊ မန္တလေး၊ ပြည်၊ ပုဂံ၊ နေပြည်တော် စတဲ့ နိုင်ငံ အနှံ့က မြို့ကြီးတွေမှာ ဒီငလျင်ကို သိသိသာသာ ခံစားခဲ့ရပြီး ဘုရားပုထိုး စေတီတွေ ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။

ငလျင်လှုပ်ချိန်မှာ ဖုန်လုံးကြီးတွေ တက်လာပြီး ဘုရား ထီးတော်တွေ လှုပ်ရမ်းနေတာကို ရိုက်ထားတဲ့ ဗီဒီယို တွေထဲမှာ တွေ့ရပါတယ်။

ငလျင်ဒဏ်ကို ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နိုင်ငံတွေမှာပါ ခံစားခဲ့ရပြီး ကိုလ်ကတ္တားမြို့မှာ မီးရထားလမ်းတွေ ခေတ္တ ရပ်ဆိုင်းခဲ့ရသလို စစ်တကောင်းမှာလည်း လူတွေ လမ်းပေါ် ထွက်ပြေးခဲ့ရပါတယ်။

ငလျင်ကြောင့် ပခုက္ကူနဲ့ ရေနံချောင်းမှာ ၃ ယောက်သေတယ်လို့ သိရပါတယ်။

ဒီကနေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ ဒဏ်ကြောင့် မြောက်ဦးမြို့မှာ ရှေးဟောင်း ဘုရားပုထိုး စေတီတော်တွေလည်း ပြိုကျ ပျက်စီးမှု ရှိခဲ့ပါတယ်။

မင်းပြားမြို့မှာလည်း အပျက်အစီး တချို့ရှိခဲ့ပြီး ငလျင်ဟာ ရခိုင်ပြည်နယ် အနှံ့မှာ လှုပ်ခတ်သွားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပုဂံဘုရားတွေ ထိခိုက်ပျက်စီး
ပုဂံထိခိုက် မှု

ပုဂံဒေသ အပါအဝင် တနိုင်ငံမှာ စေတီပုထိုး ၁၇၀ ကျော် ထိခိုက် ပျက်စီးသွားတယ် လို့ သာသနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ညွှန် ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဘီဘီစီကိုပြောပါတယ်။

ပုဂံမှာပဲ ၁၇ဝ ကျော်ထိခိုက်ပြီး စူဠာမဏိ၊ ထီးလိုမင်းလိုနဲ့ စေတနာကြီး စေတီတော် တွေ တော်တော်ထိသွားတယ်လို့ ပြောပါတယ်။

ပုဂံရဲစခန်းကို ဆက်သွယ်ကြည့်တော့ သေဆုံးဒဏ်ရာရသူစာရင်း ကွင်းဆင်းကောက်ယူနေတုန်း ရှိသေးတယ်လို့ ဖြေပါတယ်။

ပုဂံညောင်ဦးရဲ့ တဖက်ကမ်း ပခုက္ကူမြို့မှာလည်း တန်ခိုးကြီးဘုရားဖြစ်တဲ့ ရွှေဂူဘုရားရဲ့ အရံစေတီတွေ ပြိုကျတာရှိသလို ပခုက္ကူအရှေ့ဘက် ၁ဝ မိုင်လောက်ဝေးတဲ့ ကွန်းရွာမှာ လူသေမှုရှိတယ်လို့ ဆိုပါတယ်။

ငလျင် ဗဟိုချက်မနဲ့နီးတဲ့ ချောက်မြို့မှာတော့ မြန်မာ့ရှေ့ဆောင်ဘဏ် အဆောက်အဦ အက်သွားသလို ပုဂလိကပိုင် မင်္ဂလာခန်းမ တခုနဲ့ ရှေ့ရဲစခန်းက အဆောက်အဦ ပေါ်တီကို ပြိုကျပြီး လူထိခိုက် သေဆုံးမရှိဘူးလို့ ချောက်ဒေသခံတွေက ပြောပါတယ်။

ရေနံချောင်းမှာတော့ အဆောက်အဦးတချို့ အက်ပြီး မျက်နှာကျက် ပြုတ်ကျတာတွေ ရှိတယ်လို့ ဒေသခံတွေ အပြောအရ သိရပါတယ်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်း မင်းဘူးဘက်မှာတော့ နဂါးပွက်တောင်သွားတဲ့လမ်းတချို့ အက်ကွဲကြောင်းအနည်းငယ်ဖြစ်သွားပါတယ်။

နောက်ဆက်တွဲငလျင်

မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက နောက်ဆက်တွဲငလျင်တွေ ကိုလည်း ဂရုစိုက်သင့်တယ်လို့ သတိပေးပါတယ်။

ဒီနေ့ငလျင်ဟာ ရခိုင်ပြည်နယ် မကွေးတိုင်း ရန်ကုန်တိုင်း မကွေးတိုင်းနဲ့ နေပြည်တော် တဝိုက်မှာလည်း သိသိသာသာ လှုပ်ခတ်ခဲ့ပါတယ်။

နေပြည်တော်မှာတော့ လွှတ်တော်အဆောက်အဦ ရဲ့ မျက်နှာကျက်တချို့ ပျက်စီးသွားသလို မှန်တွေကွဲတယ်လို့ နေပြည်တော် သတင်းထောက်က ပြောပါတယ်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာလကလည်း ဒီငလျင်ပမာဏအတိုင်း သပိတ်ကျင်းမှာ လှုပ်ခတ်ခဲ့တာကြောင့် ရွှေဘိုဘက်က စေတီပုထိုးတွေနဲ့ မြစ်ကူးတံတားတွေပြိုကျခဲ့ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ