UNFC အဖွဲ့ဝင်အားလုံး ငြိမ်းချမ်းရေး ညီလာခံ တက်မယ်

  • 25 ဩဂုတ် 2016
UNFC DPN meeting
Image caption ဇူလိုင်လက ဒေါ်အောင်ဆန်း စုကြည်နဲ့ UNFC အဖွဲ့ဝင်တွေ တွေ့ဆုံခဲ့

UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီက လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ပူးတွဲ ကျင်းပရေး ကော်မတီမှာ ပါဝင်မယ့် ကိုယ်စားလှယ် ၇ ယောက် ရွေးချယ်တဲ့ အစည်းဝေး ကို သြဂုတ်လ ၂၅ ရက်နေ့က ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး ညီလာခံနဲ့ ပတ်သက်တဲ့ သဘောထား တွေကို ထုတ်ပြန်လိုက် ပါတယ်။

UNFC အနေနဲ့ ၂၁ ရာစု ပင်လုံမှာ ပါဝင်ပြီး တိုင်းပြည် အေးချမ်း သာယာဖို့နဲ့ ပြေလည်မှု ရအောင် ကြိုးပမ်းမယ် ဆိုတဲ့ သဘောထားကို အသိပေးထုတ်ပြန်တာလို့ UNFC ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ဘီဘီစီကိုပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို UNFC က တက်ရောက်မယ် ဆိုတာ အားလုံး ပြေလည်မှု ရပြီး တက်ရောက်မယ်လို့ ဆိုလိုတာ မဟုတ်ဘဲ တချို့အချက်တွေကို ဆက်လက် ညှိနှိုင်းစရာတွေ ရှိသေးတယ်လို့ သူက ပြောပါတယ်။

UNFC ဖက်က သုံးပွင့်ဆိုင် ဆွေးနွေးရေးကို လိုလားပေမဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက်က တိုင်းရင်းသား ၈ ဖွဲ့နဲ့ ဆွေးနွေး သဘောတူ ထားတာက ၇ ဖွဲ့ ဖြစ်နေတဲ့ ကိစ္စက မကျေလည် သေးဘူးလို့ နိုင်ဟံသာက ပြောပါတယ်။

ကိုးကန့်၊ ရခိုင်နဲ့ တအာင်း ပလောင်တပ်ဖွဲ့ တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရေးနဲ့ ပတ်သက်လို့ အစိုးရနဲ့ ညှိနှိုင်းနေတုန်း ဖြစ်ပြီး အဲဒီ အဖွဲ့တွေထဲက UNFC အဖွဲ့ဝင် နှစ်ဖွဲ့ကလည်း နုတ်ထွက်ဖို့ သဘောထား ပေးထားတဲ့ အခြေအနေရှိနေတယ်လို့ သူက ပြောပါတယ်။

အဲဒီ မဟာမိတ် သုံးဖွဲ့ကို စစ်ရေးအရ ဆက်တိုက်ခိုက်နေရင် နိုင်ငံက အေးချမ်းနိုင်မှာ မဟုတ်ဘူး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်အောင် သူတို့တွေ ဆွေးနွေးပွဲမှာ ပါဝင်လာအောင် ဆောင်ရွက်ဖို့တော့ UNFC က လိုလားတယ်လို့ နိုင်ဟံသာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ