ပုဂံဘုရားတွေကို UNESCO ရဲ့ စံတွေနဲ့ အညီပြုပြင်မယ်

  • 26 ဩဂုတ် 2016
Sulamuni Pagoda ဓာတ်ပုံ မူပိုင် b
Image caption အပျက်အစီး အများဆုံး စူဠာမဏိ စေတီတော်

သြဂုတ်လ ၂၄ ရက်ညနေ ၅နာရီကျော်က အင်အား ၆.၈ ရစ်ချတာ စကေးနဲ့ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လောလောဆယ် စာရင်းအရ ပုဂံဒေသမှာ ပျက်စီးတဲ့ စေတီပုထိုးပေါင်း ၃၉၀ ကျော်သွားပြီလို့ ရှေးဟောင်း ယဉ်ကျေးမှုနဲ့ သုတေသနနဲ့ ပြတိုက် ဦးစီးဌာနက ပြောပါတယ်။

ရှေးဟောင်း ယဉ်ကျေးမှုနဲ့ သုတေသန ဦးစီးဌာနက တာဝန်ရှိသူတွေက ပျက်စီးမှုတွေကို ဆက်လက် ကြည့်ရှု စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် ပျက်စီးမှု စာရင်း နောက်ထပ် တိုးလာနိုင်တယ်လို့ ပုဂံရောက် ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ငလျင်ကြောင့် ပျက်စီးတဲ့ ဘုရားစေတီ အရေအတွက် များပြားပေမဲ့ ကြီးကြီးကျယ်ကျယ် ထိခိုက် ပျက်စီးတာတော့ သိပ်မရှိလှပါဘူး။

လေးပုံ တစ်ပုံ ပျက်စီးသွားခဲ့တဲ့ စူဠာမဏိ စေတီတော်က အပျက်အစီး အများဆုံးဖြစ်ပါတယ်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် သတ်မှတ် ခံရဖို့ လျှောက်ထားဆဲ ပုဂံဒေသမှာ အဲဒီလို အသိအမှတ်ပြု ခံရဖို့ အတွက် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ UNESCO ရဲ့ စံနှုန်းတွေနဲ့ အညီ ပြုပြင် ထိန်းသိမ်း သွားမယ်လို့ UNESCO ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ စီမံကိန်း ညှိနိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။

ပုဂံဒေသကို ရောက်နေတဲ့ UNESCO အနေနဲ့ စေတီပုထိုးတွေကို ပြန်လည် ပြုပြင် ထိန်းသိမ်းရေးမှာ နည်းပညာပိုင်းအရ အကူအညီပေးနေတဲ့ အပြင် အရေးပေါ် ရန်ပုံငွေတွေ ပေးဖို့လည်း ကုန်ကျမယ့် ငွေကို ခန့်မှန်း တွက်ချက် နေတယ်လို့ သူက ပြောပါတယ်။

လောလောဆယ်မှာတော့ ပျက်စီးသွားခဲ့တဲ့ ဘုရားတွေမှာ သမိုင်းတန်ဖိုး ကြီးမားတဲ့ အမွေအနှစ်တွေ မပျောက်ပျက် ရအောင် ရဲတွေက လုံခြုံရေး အရ ကာကွယ် စောင့်ရှောက်ပေး နေပြီး ပုဂံကို လာတဲ့ ဧည့်သည်တွေ ကိုလည်း အုတ်ကျိုး အပဲ့တွေရဲ့ အန္တရာယ် မကျရောက်အောင် တချို့နေရာတွေကို ဝင်ခွင့် မပေးဘူးလို့ တာဝန်ကျ ရဲ ဝန်ထမ်းက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ