လက်နက်ကိုင်၃ ဖွဲ့ ပင်လုံတက်နိုင်ချေ မရှိ

  • 26 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုးကန့် MNDAA အပါအ၀င် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ နဲ့ ညှိနေဆဲ

သြဂုတ်လ ၃၁ ရက်နေ့ နေပြည်တော်မှာ စတင်မယ့် ၂၁ ရာစု ပင်လုံညီလာခံလို့ ခေါ်တဲ့ ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၊ အပစ်ရပ်လက်မှတ်မထိုးရသေးပေမယ့် မူဘောင် ပြန်လည်သုံးသပ်ရေး အစည်းအဝေးတွေကို တက်ရောက်နေတဲ့ UNFC တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက အဖွဲ့ ၇ ဖွဲ့၊ ၀ နဲ့ မိုင်းလားတပ်ဖွဲ့ ၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ- ကပ်ပလန်အဖွဲ့ စုစုပေါင်း ၁၈ဖွဲ့ကို ဖိတ်ကြားမယ်လို့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ ရခိုင်တပ်မတော်( AA) တို့ ကို ဖိတ်ကြားမယ့် အလားအလာရှိမရှိ ဦးဇော်ဌေးကို မေးမြန်းရာမှာ

ဖြေ။ ။ငြိမ်းချမ်းရေးကော်မရှင်နဲ့ အဲဒီအဖွဲ့တွေ ဆွေးနွေးခဲ့ရာမှာ ဒီတပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်လိုတဲ့ ဆန္ဒရှိကြောင်း ဖေါ်ပြတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ဖို့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ဘက်က တောင်းဆိုခဲ့ပါတယ်၊ ဒီတပ်ဖွဲ့တွေဟာ အဲဒီကြိုတင်သတ်မှတ်ချက်နဲ့ ညီလာခံတက်ရမှာဖြစ်လို့ အခုထိ အဲဒီထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်တယ်၊ အဲဒီကြေညာချက်ထုတ်ပြန်ရင် ပါ၀င်ခွင့်ရမယ်၊ မထုတ်ပြန်ရင် ပါဝင်ခွင့်မရဘူးဆိုတဲ့ သဘောပါပဲ။

မေး။။ ဒီတော့ညီလာခံမကျင်းပခင် ဒီအဖွဲ့တွေနဲ့ ထပ်ညှိနှိုင်းဖို့ရှိပါသလား။

ဖြေ။။ ဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်ဆွေးနွေးမှုတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ကြားဝင်ပြီး ကြေညာချက်ထုတ်ပြန်ပေးရေး ဆောင်ရွက်နေတယ်လို့ သိရတယ်၊ လက်နက်ကိုင်နည်းလမ်းနဲ့ လက်နက်ကိုင်ပဋိပက္ခ ဆိုပြီး စာသားအပေါ် ဝိဝါဒကွဲပြားနေတာဖြစ်တယ်။ ချက်ခြင်းလက်ငင်း လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ဖို့မဟုတ်ဘဲ စွန့်လွှတ်ပြီး နိုင်ငံရေးနည်လမ်းနဲ့ သွားမယ်ဆိုတဲ့ ကတိကိုသာ လိုချင်တာသာဖြစ်တယ်လို့ ငြိမ်းချမ်းရေးကော်မရှင်ဘက်က ညှိတယ်လို့ သိရတယ်။ ညီလာခံမတိုင်ခင်အထိ စောင့်နေမှာဖြစ်သလို ညီလာခံပြီးရင်လဲ အဲဒီညှိနှိုင်းချက်တွေ ဆက်ရှိနေမှာဖြစ်တယ်၊ ဆိုလိုတာက ညှိနှိုင်းရေး လမ်းစဉ်နဲ့ တခါးဖွင့်ထားတဲ့ ဟာကတော့ ဆက်ရှိနေအုံးမှာ ဖြစ်ပါတယ်။

မေး။။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီလာခံမှာ အားလုံးပါဝင်နိုင်ရေးမူကိုချထားပါတယ်။ ဒီ ၃ ဖွဲ့မပါရင် အားလုံးပါဝင်ရေးဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ပြောလို့ရမလား။

ဖြေ။။ ကျနော်တို့ စကားလုံးက ပါ၀င်သင့် ပါဝင်ထိုက်သူအားလုံးလို့ အဲလို ပြောထားပါတယ်။

မေး။။ဒီအဖွဲ့ ၃ ဖွဲ့ အနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်လိုတဲ့ ဆန္ဒရှိကြောင်း ဖေါ်ပြတဲ့ ထုတ်ပြန်ချက်ထုတ်ပြန်ဖို့ တောင်းဆိုတာဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောဆန္ဒပဲလား။

ဖြေ။။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC အောက်မှာ ငြိမ်းချမ်းရေးကော်မရှင်ရှိတယ်၊ နောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကွပ်ကဲမှုအောက်မှာ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မီတီရှိတယ်၊ အဲဒီမှာ အစိုးရရယ် တပ်မတော်ရယ် လွှတ်တော်ရယ် ပူးပေါင်းဖွဲ့စည်းထားတာဖြစ်တယ်။ တကယ့် မူဝါဒနဲ့ဆိုင်တဲ့ ကိစ္စတွေဆိုရင် အကြိုပြင်ဆင်ရေးကော်မီတီနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံပြီး မူမပြတ်သေးတာတွေ မူဝါဒအရ ချမှတ်ပေးရမှာတွေကို တင်ပြတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မူဖြတ်ပေးတယ်။ အဲဒီမှာ တပ်မတော်ဘက်က အရာရှိကြီးတွေလဲပါပါတယ်၊ သူတို့ရဲ့ မူဝါဒ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆောင်ရွက်လိုတဲ့ မူဝါဒတွေ ညှိပါတယ်။ ဒီမူဝါဒ သတ်မှတ်ချက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် သဘောတူညီထားတဲ့ မူဝါဒတွေ ဖြစ်သလို တပ်မတော်ဘက်က သဘောထား လွှတ်တော်ဘက်က သဘောထားတွေလည်းပါပါတယ်။