ရခိုင်လွှတ်တော် အထူး အစည်းအဝေး ခေါ်ယူဖို့ တောင်းဆို

rakhine_hluttaw_commission
Image caption စစ်တွေမြို့ မင်းဂံ အရပ် ဒုက္ခသည် စခန်းက ရခိုင် အမျိုးသမီး။

ပြည်ထောင်စု အစိုးရ၊ နိုင်ငံတော် အတိုင်ပင်ခံ ဝန်ကြီးဌာန က ဖွဲ့စည်းခဲ့တဲ့ ရခိုင် ပြည်နယ် အရေး ဆိုင်ရာ အကြံပေး ကော်မရှင် အကြောင်း အပါအဝင် အရေးတကြီး အဆို တွေ တင်သွင်း နိုင်ဖို့ အတွက် ရခိုင် ပြည်နယ် လွှတ်တော် အထူး အစည်းအဝေး ခေါ်ယူ ပါဆိုပြီး ပြည်နယ် လွှတ်တော် အမတ် တချို့က တောင်းဆို လိုက်ပါတယ်။

လွတ်တော် ကိုယ်စားလှယ် ၁၃ ယောက်ရဲ့ ကိုယ်စား မြေပုံ မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ရဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းက လက်မှတ် ရေးထိုးပြီး ပြည်နယ် လွှတ်တော် ဥက္ကဌ ထံ စာရေးသား ပေးပို့ ခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေး ကော်မရှင် နဲ့ ပတ်သက်ပြီး တင်ပြစရာ တွေ ရှိနေသလို၊ ရခိုင်ပြည်နယ် ထဲ နိုင်ငံသား စိစစ် နေတဲ့ ကိစ္စတွေ မှာလည်း ဥပဒေနဲ့ မညီပဲ လုပ်ဆောင် နေတာ မျိုးတွေ ရှိတဲ့ အတွက် အရေးတကြီး အဆို တွေ တင်သွင်း စရာ ရှိနေတယ်လို့ ပြည်နယ် လွှတ်တော် အမတ် ဦးကျော်ဇောဦး က ဘီဘီစီ ကို ပြောပါတယ်။

ရခိုင် ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ ဖွဲ့စည်း တဲ့ အပေါ် ရခိုင် အမျိုးသား ပါတီ ANP အပါအဝင် နိုင်ငံရေး ပါတီ တချို့က ကန့်ကွက်မှု တွေ လည်း ထွက်ပေါ် ခဲ့ပါတယ်။

ကော်မရှင် ရဲ့ တာဝန်ဟာ သူတို့ရဲ့ ရှာဖွေ တွေ့ရှိ ချက်တွေ ကို အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေတဆင့် နိုင်ငံတော် အစိုးရ ထံ တင်ပြဖို့ ပဲ ဖြစ်တယ်လို့ အတိုင်ပင်ခံ ရုံး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၃၄ အရ ကတော့ အထူး လွှတ်တော် အစည်းအဝေး ခေါ်ယူ နိုင်ဖို့ ဆိုရင် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၄၇ ဦး ထဲက အနည်းဆုံး ၄ ပုံ ၁ ပုံ က တောင်းဆို ရမှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ