ချင်းတွင်း က အနက်ရောင်မြစ်ရေကို စတင်စစ်ဆေး

  • 27 ဩဂုတ် 2016
Image caption အရှည် ပေ တစ်ထောင် အနံ ပေ (၆၀၀) လောက်ရှိတဲ့ အနက်ရောင်ရေတွေဟာ မြစ်ရေတွေနဲ့ မရောပဲ စီးဆင်း

ဩဂုတ်လ (၂၂) ရက်က ခန္တီးမြို့အထက်နားမှာ အနက်ရောင်အဖြစ် ပြောင်းလဲစီဆင်းလာတဲ့ ချင်းတွင်းမြစ်ရေကို ဓာတ်ခွဲစမ်းသပ်ဖို့ မန္တလေးကို ပို့ဆောင်နေပြီ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရက ပြောပါတယ်။

ချင်းတွင်းမြစ်ထဲမှာ အရှည် ပေ တစ်ထောင် အနံ ပေ (၆၀၀) လောက်ရှိတဲ့ အနက်ရောင်ရေတွေဟာ မြစ်ရေတွေနဲ့ မရောပဲ စီးဆင်းနေတာ ဖြစ်ပါတယ်။

ဒီအနက်ရောင်ရေပြင်ဟာ အခုသီတင်းပတ်အစောပိုင်းကတည်းက ခန္တီးမြို့အထက်ပိုင်းကနေ စတင်စီးဆင်းခဲ့ပြီး ဟုမ္မလင်းမြို့နားက ချင်းတွင်းမြစ်ရေကို ဖြတ်သန်းစီးဆင်းခဲ့တာ ဖြစ်ပါတယ်။

ချင်းတွင်းမြစ် တပြင်လုံး အင်ဂျင်ဝိုင် ဆီ လို အမဲရောင် ဖြစ်နေပြီး ဒီလို အဖြစ်မျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ ခနီးၱမြို့ခံ ဦးမောင်တေးက ပြောပါတယ်။

အခုတော့ ဒီအနက်ရောင်ရေတွေဟာ ကလေး၀မြို့ဆီ ကို ရောက်နေပြီး ချင်းတွင်းမြစ်အောက်ပိုင်းကို ဆက်လက်စီးဆင်းနေပါတယ်။

ဒီရေတွေဟာ သဘာ၀ကြောင့်လား စက်ရုံကြောင့်လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စတင်စီးဆင်းတဲ့နေရာမှာ စက်ရုံမရှိဘူး။ အခုတော့ အနက်ရောင် ရေတွေကို ဓာတ်ခွဲစမ်းသပ်ဖို့ စီစဉ်နေတယ်လို့ စစ်ကိုင်းတိုင်းအစိုးရဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေးက ပြောပါတယ်။

အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ခင်နီနီသိန်းကတော့ ဒီအနက်ရောင်ရေတွေ စတင်စီးဆင်းတယ်လို့ဆိုတဲ့ နာဂဒေသက ချောင်းတွေဆီကို သွားရောက်စစ်ဆေးဖို့တွေလည်း အမြန်ဆုံးလုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

အခုတော့ ဒီအနက်ရောင် ရေတွေကို မန္တလေးကို ပို့ပြီး ဓာတ်ခွဲ စစ်ဆေးဖို့ ပြင်နေပါတယ်။

သဘာ၀ကြောင့်ပဲ ဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လောလောဆယ်မှာ ဒီရေတွေကို မသုံးစွဲဖို့ ဒေသခံတွေကို ပြောထားတယ်လို့ သိရပါတယ်။

ဓာတ်ခွဲစမ်းသပ်ချက် အဖြေရလာရင် လူထုကို အသိပေးမယ်လို့ စစ်ကိုင်းတိုင်းအစိုးရက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ