မြန်မာ သမ္မတရဲ့ အိန္ဒိယ ခရီးစဉ် စတင်

  • 27 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် myanmar president office
Image caption အိန္ဒိယ သွားမယ့် မြန်မာ သမ္မတ ကို လိုက်ပါပို့ဆောင်ကြသူများနဲ့ အတူတွေ့ရစဉ်

သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ဟာ အိန္ဒိယ နိုင်ငံကို တရား၀င် လေးရက်ကြာ ခရီးစဉ်ကို သြဂုတ်လ ၂၇ ရက်နေ့မှာ စတင်ခဲ့ပါတယ် ။

ခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူတွေ လိုက်ပါသွားကြပါတယ်။

အခုတော့ သမ္မတနဲ့ အဖွဲ့ဟာ ဗုဒ္ဓဂါယာကို ရောက်ရှိနေပြီးသြဂုတ်လ ၂၈ ရက်နေ့မှာ ဒေလီကိုရောက်မှာ အိန္ဒိယ ဝန်ကြီးချုပ်နဲ့ တွေ့မှာ ဖြစ်သလို နောက်ပိုင်းမှာ သမ္မတနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

အိန္ဒိယ အစိုးရဟာ ၁၉၈၈ မှာ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသား ထောက်ခံ ခဲ့ပေမယ့် ၊ ၁၉၉၂ မှာတော့ စစ်အစိုးရနဲ့ ပူးပေါင်းခဲ့တယ်လို့ အိန္ဒိယ မြန်မာ အရေး ကျွမ်းကျင်သူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

အခုအခါ မြန်မာနိုင်ငံမှာ ဦးသိန်းစိန် အစိုးရ ကနေ ဒီမိုကရေစီ ဆန်တဲ့ အစိုးရ လက်ထက်ကို ပြောင်းခဲ့သလို အိန္ဒိယမှာ ကလည်း အများဆုံး လွှမ်းမိုးတဲ့ ကွန်ဂယက် ပါတီ မဟုတ်ဘဲ လက်ရှိ ပါတီက ဘီဂျေပီ ပါတီ အာဏာ ရနေတာကြောင့် အခြေခံ နှစ်ခု ပြောင်းလဲနေချိန် ဖြစ်တယ်။

စစ် အစိုးရတုန်းက တရုတ်နဲ့ နီးစပ်ခဲ့ပေမယ့် လက်ရှိ သမ္မတ ဦးထင်ကျော် ကတော့ အမှန်ဖက်က ရပ်တည်ပြီး တရုတ်နဲ့ကော အိန္ဒိယ နဲ့ပါ မျှမျှတတ ဆက်ဆံလို့ အခု ခရီးစဉ်ဟာ တစုံတရာ ထူးခြားမယ်လို့ ယူဆကြောင်း ဒေါက်တာ တင့်ဆွေက ဆိုပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဓိက ကျနေတဲ့ အချက်ကတော့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်မှာ လက်နက်ကိုင် သောင်းကျန်းနေတဲ့ အဖွဲ့ ဒါဇင်ဝက်လောက်က မြန်မာ့ မြေပေါ်မှာ စစ်အစိုးရ လက်ထက် ကတည်းက ရှိနေပြီး အခုထိ ဆက်ရှိနေသေးကြောင်း ၊ အိန္ဒိယ က အာစီယမ် အပါအ၀င် တောင်အာရှ ၊ အရှေ့အာရှနဲ့ အရှေ့တောင် အာရှနိုင်ငံတွေကို ဆက်သွယ်ဖို့ မဟာဗျူဟာ အရ အင်မတန်မှ ကြီးကျယ်တဲ့ ပေါ်လစီကို ချထားကြောင်း ၊ အဲဒီအခါ မြန်မာမြေမှာ အခြေချထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကြီးစိုးတဲ့ ဒေသကို ဖြတ်ပြီးမှ လုပ်မှ ရမှာ ဖြစ်တဲ့ အတွက် အိန္ဒိယက ဘယ်လောက်ဘဲ တိုးတက်ချင် တိုးတက်ချင် ဒီဒေသကို ထိန်းသိမ်းနိုင်ဖို့ အရေးကြီးတဲ့ အတွက် မြန်မာ အစိုးရနဲ့ ဆွေးနွေးပွဲတွေ အရင်ကတည်းကလည်း ရှိခဲ့ပြီး လက်တွေ့ကျတဲ့ လမ်းကြောင်းကို ပြောင်းနိုင်မယ်လို့ ယူဆကြောင်း ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ် ကိစ္စ သာမက လက်ရှိ အိန္ဒိယရဲ့ ဘီဂျေပီ အစိုးရဟာ စီးပွားရေးနဲ့ ကုန်သွယ်ရေးကို အလေးထားတာကြောင့်မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး တိုးမြှင့်လိုပြီး မြန်မာဆီက သဘာ၀ ဓါတ်ငွေ့ ရဖို့ ဆန္ဒ ရှိနိုင်သလို ၊ ကုလားတန် မြစ်ကြောင်းနဲ့ စစ်တွေ ဆိပ်ကမ်း ကိစ္စတွေအကြောင်း ဒီခရီးစဉ်မှာ ပြောဆို ဆွေးနွေးနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

အိန္ဒိယဖက်က အခုအခါ မြန်မာနိုင်ငံကို လက်တွေ့ကျတဲ့ အကူအညီပေးလာနိုင်ပြီး ဥပမာ ပဲစိုက်နည်းနဲ့ ပဲစိုက်ပျိုးမှုကို အကူအညီ ပေးတာတွေ ရှိလာနိုင်တဲ့ အပြင် အိန္ဒိယရဲ့ အားသာချက် တခုဖြစ်တဲ့ အိုင်တီ နည်းပညာတွေလည်း ထောက်ပံ့မှု ပေးကောင်း ပေးနိုင်မှာ ဖြစ်ပါတယ်လို့ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ