ငလျင်ဒဏ်ကြောင့် ရေနံပိုက်လိုင်းပေါက်

ဓာတ်ပုံ မူပိုင် MOI webportal
Image caption ရေနံ ပိုက်လိုင်းပေါက်တာကို ပြင်ဆင်ဖာထေး

ပခုက္ကူခရိုင် ကျောက်ခွက်-လက်ပံတို ရေနံမြေကနေ အရာတော် ဆိပ်ကမ်းကိုပို့တဲ့ ရေနံပိုက်လိုင်းဟာ ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်း ပထမဆုံး ရေနံပို့လွှတ်ရာမှာ ကမ္မမြို့နယ်ထဲမှာ ပိုက်လိုင်းပေါက်လို့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

ပခုက္ကူခရိုင် မြိုင်မြို့နယ်ထဲမှာရှိတဲ့ ကျောက်ခွက်နဲ့ လက်ပံတို ရေနံမြေကနေ အရာတော်မှာရှိတဲ့ ရေနံဆိပ်ကမ်းကို ပိုက်လိုင်းသွယ်ပြီးပို့တဲ့ ၈လက်မ ရေနံပိုက်လိုင်းဟာ ကမ္မမြို့ အမှတ်၂ ရပ်ကွက် လက်ပြရပ်နားမှာ သြဂုတ်လ ၂၈ ရက်နေ့ မနက် ၈နာရီဝန်းကျင်က ပေါက်ခဲ့တဲ့အတွက် ရေနံတွေ ယိုထွက်ခဲ့ပါတယ်။

ပိုက်လိုင်းပေါက်တဲ့နေရာဟာ ကမ္မ-မြစ်ခြေကားလမ်းမှာလည်းပေါက်သလို ကမ္မအမှတ်၂ ရပ်ကွက်က လူနေအိမ်တွေအနီးမှာပေါက်တဲ့အတွက် မီးဘေးအန္တရာယ်နဲ့ လူတွေရဲ့ အသက်အန္တရာယ်အတွက် လုံခြုံရေး စီမံမှုတွေ လုပ်ထားကြောင်း အမှတ်၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမင်း က ပြောပါတယ်။ ပိုက်လိုင်းပေါက်တဲ့ နေရာကို ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး ကြီးကြပ်ပြီး ခရိုင် အုပ်ချုပ်ရေးမှူးတွေ မီးသတ်တပ်ဖွဲ့တွေနဲ့ မီးဘေး လုံခြုံရေးတွေ လုပ်ကြသလို ပိုက်ပေါက်တွေကိုလည်း ဖာထေး လိုက်နိုင်ပြီလို့ အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမင်းက ဆိုပါတယ်။

ဒီပိုက်လိုင်းဟာ လွန်ခဲ့တဲ့ ၂၅နှစ်လောက် ကတည်းက သွယ်တန်းတာဖြစ်ပြီး မြိုင်၊ ကမ္မ၊ မြစ်ခြေ ၊ကျွန်းချောင်းနဲ့ ဆိပ်ဖြူမြို့နယ်တွေကို ဖြတ်သွားတာဖြစ်ပါတယ်။

၂၀၁၀ အောက်တိုဘာ ၂၅ ရက်တုန်းကလည်း မြစ်ခြေ-ဆိတ်ဖြူကားလမ်းမှာ ပေါက်ခဲ့လို့ ရေနံတွေ ယိုထွက်ရာက ဒေသခံတွေက ခပ်ယူရင်းမီးလောင်မှုဖြစ်ခဲ့လို့ လူ ၁၄ ဦးသေဆုံးပြီး ၇၀ကျော် ဒဏ်ရာရခဲ့ပါသေးတယ်။

ခုပိုက်လိုင်းပေါက်တာက နေ့ခင်းအချိန်ဖြစ်တာကြောင့် အချိန်မှီ ပြင်ဆင်တားဆီးနိုင်ခဲ့ပြီး ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ