ပင်လုံညီလာခံကို လက်နက်ကိုင် ၃ဖွဲ့ တက်ဖို့မသေချာ

  • 28 ဩဂုတ် 2016
Image caption အစိုးရဘက်က (၅)ဦး၊ လွှတ်တော်က (၅)ဦး၊ တပ်မတော်က (၁၀) ဦး၊ ဖိတ်ကြား ထားတဲ့ အဖွဲ့ ၁၇ ဖွဲ့ နဲ့ နိုင်ငံရေး ပါတီ ၂၂ ပါတီ

(၂၁)ရာစု ပင်လုံညီလာခံ ကို ဩဂုတ်လ (၃၁)ရက်နေ့မှာ စတင် ကျင်းပမှာ ဖြစ်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း တက်ရောက် မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။

(၄)ရက်ကြာ ကျင်းပမယ့် (၂၁)ရာစု ပင်လုံညီလာခံ ဖွင့်ပွဲ ပထမနေ့မှာတော့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ တက်ရောက်ကြမှာပါ။

ညီလာခံ ဒုတိယနေ့ နဲ့ တတိယနေ့မှာတော့ ညီလာခံ တက်ရောက်လာတဲ့ အဖွဲ့တွေက တစ်ဖွဲ့ချင်းစီကနေ (၁၀)မိနစ်ဆီ ပြောခွင့်ရမှာ ဖြစ်ပြီး ၄ ရက်မြောက် နေ့မှာတော့ ညီလာခံ ပြီးဆုံးမှာပါ။

အစိုးရဘက်က (၅)ဦး၊ လွှတ်တော်က (၅)ဦး၊ တပ်မတော်က (၁၀) ဦး၊ ဖိတ်ကြား ထားတဲ့ အဖွဲ့ ၁၇ ဖွဲ့ နဲ့ နိုင်ငံရေး ပါတီ ၂၂ ပါတီ က လူတွေ ညီလာခံမှာ ၁၀ မိနစ်စီ စကား ပြောခွင့် ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အပြန်အလှန် ဆွေးနွေးမှုမျိုး မရှိဘဲ ၁၀ မိနစ် ပြောဆိုမှုတွေကို မှတ်တမ်းထားရှိမှာ ဖြစ်တယ်လို့ ညီလာခံ ကျင်းပရေး ကော်မတီ အလုပ်အဖွဲ့ဝင် ဦးစိုင်းကျော်ညွှန့်က ပြောပါတယ်။

တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် ဆွေးနွေးတာတွေ၊ ဆုံးဖြတ်ချက် ချတာတွေက နောက်တစ်ကြိမ် မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

(၂၁)ရာစု ပင်လုံညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် (၂၁)ဖွဲ့က (၁၈) ဖွဲ့ တက်ရောက်ဖို့က သေချာနေပြီး ရခိုင့်တပ်မတော် AA၊ ကိုးကန့် MNDAA၊ တအာင်းပလောင် TNLA (၃)ဖွဲ့ကတော့ အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ညီလာခံတက်ဖို့ မတက်ဖို့ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မပြောကြသေးပါဘူး။

နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရသူ ဦးဇော်ဌေး ကတော့ ဒီ(၃) ဖွဲ့ဘက်က လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်တယ် ဆိုတဲ့ ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။

ဩဂုတ်လ ၂၉ ရက်နေ့ မှာတော့ ညီလာခံ ကျင်းပရေး အစီစဉ်၊ သဘာပတိ ဆောင်ရွက်ဖို့ ကိစ္စနဲ့ တက်ရောက်မယ့် အဖွဲ့တွေနဲ့ ပတ်သက်လို့ အပြီးသတ် ဆုံးဖြတ်ချက်ချ ဖို့ ရှိနေပါတယ်။

လောလောဆယ်မှာတော့ (၂၁)ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့ အတွက် KIO အပါအဝင် UNFC ခေါင်းဆောင်တွေ နေပြည်တော်ကို တဖွဲဖွဲ ရောက်လာနေကြပြီး ညီလာခံတက်မယ့် ခေါင်းဆောင်တွေအတွက်လည်း ပြည်ထဲရေးက အနီးကပ် လုံခြုံရေးချထား ဆောင်ရွက်ပေးနေပါတယ်။

ရခိုင့် တပ်မတော် AA ၊ တအာင်း ပလောင် အဖွဲ့ ( TNLA) နဲ့ ကိုးကန့်အဖွဲ့ ( MNDAA ) တို့ဆီကို ဖိတ်စာ မရောက်သေးတာကြောင့် ညီလာခံကို တက်ရောက်မယ့် အနေအထားက ဖြစ်နိုင်ခြေ အထူး နည်းပါးသွားခဲ့ပြီးဖြစ်ပါတယ်။

ဒီကနေ့ အထိ တခြားအဖွဲ့တွေဆီကို ဖိတ်စာပို့တယ်လို့ သိရှိရပေမယ့် TNLA၊ MNDAA နဲ့ AA အဖွဲ့တွေ ဆီကို ဖိတ်စာ ပို့တယ်လို့ မကြားရသေးဘူးလို့ ရခိုင့်တပ်မတော် AA ဗိုလ်မှူးကြီး ကျော်ဟန် ပြောပါတယ်။

ရခိုင့် တပ်မတော် အပါအဝင် တအာင်းအဖွဲ့ TNLA ကိုးကန့် MNDAA တို့နဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ မိုင်လားမှာတွေ့ဆုံ ခဲ့ကြပေမယ့် လက်နက်ကိုင် လမ်းစဉ် ကို စွန့်လွတ်ဖို့ ညီလာခံ မတိုင်မီ ကြေငြာချက်ထုတ်ရမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ပြေလည်မှု မရခဲ့ဘူးလို့ သိရပါတယ်။

ရခိုင့် တပ်မတော် AA က လက်ရှိ ရခိုင်ပြည်နယ် အတွင်းမှာ မြန်မာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် အဖွဲ့ တစ်ခု ဖြစ်ပါတယ်။

ဒီအဖွဲ့ ၃ ဖွဲ့ မပါဝင်နိုင်ရင်တော့ အခုကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံး ပါဝင်ရေးမူ ဟာလည်း ထိခိုက်နိုင်ဖွယ် အနေအထားကို ရောက် ရှိသွားတယ်လို့ သုံးသပ် ပြော ဆိုရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ