ပင်လုံညီလာခံမတိုင်ခင် ရှမ်းနဲ့ ကချင်မှာ တိုက်ပွဲတွေဖြစ်

  • 28 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် U Hla Maung Shwe Photo
Image caption ၂၁ရာစု ငြိမ်းချမ်းရေး ပင်လုံ ညီလာခံ အတွက် ကြိုတင် ပြင်ဆင်နေချိန်မှာ ကချင်နဲ့ ရှမ်းပြည်နယ် ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ

၂၁ရာစု ငြိမ်းချမ်းရေး ပင်လုံ ညီလာခံ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာ ကချင်နဲ ရှမ်း ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေဆဲလို့ သိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေသလို ကချင်ပြည်နယ်မှာလည်း မြန်မာ အစိုးရ တပ်မတော်ဘက်က နေရာအနှံ့ တပ်အင်အား တိုးချဲ့ ချထားမှုတွေကြောင့် နှစ်ဖက် ပစ်ခတ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လလယ်က ကချင်ပြည်နယ်မှာ အစိုးရ တပ်မတော်ဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အထိ KIA နဲ့ အစိုးရ တပ်မတော် အကြား အခြေအနေ တင်းမာခဲ့သလို ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက မိုင်းကွဲသံတွေကို မြို့ပေါ်ကနေ ကြားနေရဆဲပဲလို့ ဆိုပါတယ်။

အခုလို ၂၁ရာစု ပင်လုံ ညီလာခံ နီးလာတဲ့ အချိန် မှာ အစိုးရ တပ်မတော်ဘက်က ထိုးစစ် ဆင်တာတွေဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက အတိုင်းပဲ ဖြစ်ပြီး အစိုးရ တပ်မတော် ဘက်ကသာ ထိုးစစ် မဆင်ရင် တိုက်ပွဲ ဖြစ်စရာ အကြောင်းမရှိဘူးလို့ ကချင် ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကတော့ နယ်စပ်က စီးပွါးရေးအရ အရေးပါတဲ့ နေရာတွေကို နှစ်ဖက် တပ်တွေအကြား ထိန်းချုပ်ဖို့ ကြိုးစားရာကနေတိုက်ပွဲတွေ ဖြစ်တာလို့ ပြောကြပါတယ်။

အခုလို တိုက်ပွဲတွေ ဖြစ်နေတဲ့ အတွက် ဒေသခံတွေ အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လာမယ့် ပင်လုံညီလာခံပေါ်မှာ မျှော်လင့်ချက် ကြီးကြီးမားမား ထားတာမျိုးတော့ မတွေ့ရပါဘူး။