တစ်ဘက်နိုင်ငံက သူပုန်ကို ကိုယ့်မြေမှာ လက်မခံဖို့ အိန္ဒိယ-မြန်မာ ထပ်လောင်း အတည်ပြု

president_u_htin_kyaw_india_trip_
Image caption သမ္မတ ဦးထင်ကျော် အိန္ဒိယ ခရီးစဉ် အတွင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာတွေ လက်မှတ် ရေးထိုး။

သမ္မတ ဦးထင်ကျော် နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီ တို့ နယူးဒေလီ မြို့တော် မှာ ဩဂုတ်လ ၂၉ ရက် နေ့ တနင်္လာ နေ့ က တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာ တွေထဲ နှစ် နိုင်ငံ နယ်စပ် ငြိမ်းချမ်းရေး နဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စ တွေ အတွက် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် လုပ် ကြဖို့ လည်း ပါဝင်တယ်လို့ အဲဒီ့ က လာတဲ့ သတင်းတွေက ဆိုပါတယ်။

တစ်ဘက် နိုင်ငံကို လက်နက်ကိုင် ဆန့်ကျင် နေတဲ့ သူပုန် အဖွဲ့တွေကို ကိုယ့်ဘက်ခြမ်းမှာ လက်ခံ မထားဖို့ မူဝါဒကို ဆက်လက် ကျင့်သုံး ကြမယ် ဆိုပြီး အိန္ဒိယ-မြန်မာ ပူးတွဲ ထုတ်ပြန်ချက် ထဲ ဖော်ပြ ထားပါတယ်။

အိန္ဒိယ ရဲ့ နာဂလဲန်း ပြည်နယ် က ခွဲထွက်ရေး သူပုန် တွေ ဟာ မြန်မာ ဘက်ခြမ်းထဲ ဝင်ရောက် လှုပ်ရှား နေတယ် ဆိုတဲ့ သတင်းတွေ ပေါ် ထွက် လေ့ ရှိပြီး၊ ပြီးခဲ့တဲ့ နှစ် က ဆိုရင် မြန်မာ ဘက်ခြမ်း ထဲက သူပုန် စခန်း နှစ်ခု ကို အိန္ဒိယ အစိုးရ စစ်တပ် က နယ်စပ် ဖြတ် ကျော် တိုက်ခိုက် တာ မျိုး တွေ လုပ် ဆောင် ခဲ့တယ် လို့ အိန္ဒိယ ပြည်တွင်း မီဒီယာ တွေက ရေးသား နေပါတယ်။

မြန်မာ အစိုးရ သစ် လက်ထက် ချီတက် လျှောက်လှမ်း သမျှ ခြေလှမ်း တိုင်းမှာ သန်း ပေါင်း တစ်ထောင်ကျော် သော အိန္ဒိယ ပြည်သူကြီးဟာ အတူ ရှိနေမှာ ဖြစ်တယ် ဆိုပြီး မြန်မာ နိုင်ငံ ဖွံ့ဖြိုး ရေး အတွက် အိန္ဒိယ အနေနဲ့ လိုအပ် သမျှ အကူအညီ တွေ ပေးမယ် လို့ ဝန်ကြီးချုပ် မိုဒီ က ပြောခဲ့တယ် ဆိုပြီး တော့လည်း အိန္ဒိယ ပြည်တွင်း မီဒီယာ တွေမှာ ဖော်ပြ ထားပါတယ်။

မြန်မာ နိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဩဂုတ်လ ၃၁ ရက် နေ့ ကျရင် ကျင်းပတော့မယ့် ၂၁ ရာစု ပင်လုံ ညီလာခံ ကို အိန္ဒိယ ခေါင်းဆောင် တွေက ထောက်ခံ ကြောင်း သမ္မတ ဦးထင် ကျော် ရဲ့ ခရီးစဉ် အတွင်း ပြောဆို ခဲ့ကြတယ်လို့ မြန်မာ အစိုးရ ဘက်က သတင်းထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ