၂၁ ရာစုပင်လုံမှာ အားလုံး ပါနိုင်အောင် ကြိုးပမ်းမယ်လို့ ဒေါ်စုပြော

  • 30 ဩဂုတ် 2016
Mr Ban Ki_Moon
Image caption ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေကြသူတွေ အားလုံး စိတ်ရှည်ဖို့ မစ္စတာ ဘန်ကီမွန်းပြော

သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၂၁ ရာစု ပင်လုံမှာ အားလုံး ပါနိုင်အောင် အစိုးရဘက်က တတ်နိုင်သမျှ ဆောင်ရွက်မှာ ဖြစ်ပြီး တက်တာ မတက်တာက တိုင်းရင်းသားတွေ အပိုင်းလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ သြဂုတ်လ ၃၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘီဘီစီက မေးတာကို အခုလို ပြန်ဖြေ ခဲ့တာဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်း ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ မြန်မာ နိုင်ငံအတွက် အရေးကြီးလို့ ဒီလုပ်ငန်းစဉ်မှာ ပါဝင်နေသူတွေ အားလုံး စိတ်ရှည် ကြဖို့နဲ့ ကုလသမဂ္ဂက အဲဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အပြည့်အဝ ထောက်ခံကြောင်း ပြောခဲ့ပါတယ်။

အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ရခိုင်အရေးနဲ့ ပတ်သက်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောခဲ့ရာမှာ သူအနီးကပ် စောင့်ကြည့်ရသလောက် ရခိုင်အရေးဟာ ရှုပ်ထွေး နက်နဲတဲ့ ကိစ္စဖြစ်လို့ အားလုံးက အမြင်ကျယ်ကျယ်နဲ့ ဖြေရှင်းဖို့ လိုကြောင်းနဲ့ ကုလ သမဂ္ဂ ကလည်း နိုင်ငံတကာရဲ့ စိုးရိမ်ချက် တွေကို သယ်ဆောင်လာပြီး မြန်မာ အစိုးရကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အမည်အပေါ်မှာ အငြင်းပွားနေတာထက်စာရင် ဒုက္ခသည်စခန်းတွေမှာ နေကြရတဲ့ ထောင်သောင်းချီ သူတွေရဲ့ ဘဝတွေ သက်တောင့်သက်သာ နေနိုင်ကြစေဖို့နဲ့ လူတန်းစေ့ နေနိုင်ကြအောင် လုပ်ဆောင်ဖို့ အစိုးရမှာ ရည်ရွယ်ချက် ရှိတာ တွေ့ရကြောင်းနဲ့ ကုလသမဂ္ဂ ဖက်ကလည်း ဒါကို ကူညီသွားမယ်လို့ သူက ပြောပါတယ်။

မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ ရခိုင် အရေး အကြံပေး ကော်မရှင်နဲ့ ပတ်သက်လို့တော့ ဒါဟာ ရခိုင်အရေး အဖြေရှာရာမှာ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ လေးနက်ကြောင်း ပြသတာ ဖြစ်ပြီး ကုလသမဂ္ဂကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် တက်ခဲ့တဲ့ ဘီဘီစီ မြန်မာပိုင်း သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ