ဖက်ဒရယ်စကားလုံး တပ်မတော်သားတွေ ကန့်ကွက်

  • 30 ဩဂုတ် 2016
army mp
Image caption တပ်မတော်သား ကိုယ်စားလှယ်တွေက ဖက်ဒရယ် စကားလုံးကို ကန့်ကွက်

ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဆိုတဲ့ စကားလုံးဟာ ၂၀ဝ၈ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ်တွေက ပြောဆိုကန့်ကွက်လိုက်ပါတယ်။

ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ စကားလုံးအစား အခြေခံဥပဒေနဲ့အညီ စည်းကမ်းရှိသော ဒီမိုကရေစီဆိုတဲ့ စကားလုံးကို အစားထိုးသုံးစွဲသင့်ကြောင်းလည်း ပြောဆိုကြပါတယ်။

၂၁ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်တဲ့ ကြေငြာချက်မူကြမ်းမှာပါတဲ့ အဲဒီစကားလုံးကို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတဲ့အတွက် မဲခွဲ ဆုံးဖြတ်ခဲ့ရပါတယ်။

ဒါပေမယ့် မဲခွဲဆုံးဖြတ်တဲ့ အခါမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ရှုံးနိမ့်ခဲ့တဲ့အတွက် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု စကားလုံးကိုသာ အတည်ပြုလိုက်ကြပါတယ်။

အခု မဲခွဲဆုံးဖြတ်မှုကို ထောက်ခံမဲ ၃၉၁မဲနဲ့ ကန့်ကွက်မဲ ၁၈၄မဲ၊ ကြားနေမဲ ငါးမဲ နဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်တဦးဖြစ်တဲ့ ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်က အခုလို ဆုံးဖြတ်မှုဟာ လွှတ်တော်ထဲမှာ အကြေအလည် ဆွေးနွေးပြီး ဆုံးဖြတ်တာမဟုတ်ဘဲ ထုတ်ပြန်တဲ့ စာတမ်းမှာပါတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ စကားလုံး နှစ်ကြိမ်ပါဝင်နေတာကို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ကန့်ကွက်သူတွေထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေအပြင် တခြားပါတီက အမတ်တွေလည်း ပါဝင်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။