NCA အောက် အားလုံးရောက်အောင် ကြိုးစားနေ

  • 31 ဩဂုတ် 2016
Image caption ၂၁ ရာစုပင်လုံညီလာခံအဖွင့်

ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ တိုင်းရင်းသားစုံညီ တက်ရောက်ကြတဲ့ ပွဲ ဖြစ်ပါတယ်။

ညီလာခံကို မနက် ၁၀ နာရီမှာ ကျင်းပဖို့ သတ်မှတ်ထားပေမဲ့ တိုင်းရင်းသားတွေဟာ ၈နာရီခွဲလောက်က စလို့ ညီလာခံ ကျင်းပမယ့် နေရာကို ရောက်လာကြပါတယ်။

ညီလာခံ တက်ရောက်လာသူ တိုင်းရင်းသားအားလုံးဟာ သူတို့ရဲ့ ရိုးရာဝတ်စုံတွေကို ဝတ်ဆင် တက်ရောက်လာကြပါတယ်။

ဖွင့်ပွဲ အခမ်းအနားကို သမ္မတ ဦးထင်ကျော်လည်း တက်ရောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မလာခင် ကြိုတင် ရောက်ရှိလာခဲ့တာ တွေ့ရပါတယ်။

ဦးသိန်းစိန် လက်ထက်က ကျင်းပတဲ့ အခမ်းအနားတွေမှာတော့ သမ္မတကို အစိုးရအဖွဲ့ ဝန်ကြီးတွေ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က စောင့်ဆိုင်း ကြိုဆိုလေ့ ရှိပေမယ့် ဒီကနေ့မှာတော့ ကြိုတင်ရောက်နေတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သမ္မတကို လာရောက် ကြိုဆိုတာ မတွေ့ရပါဘူး။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီးတဲ့နောက် ညီလာခံကို နောက်ဆုံးရောက်လာသူကတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီးမွန်း ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး ညီလာခံ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ရာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်ရေး ဆက်လက် ကြိုးစားသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

NCA လက်မှတ်ထိုးပြီးဖြစ်တဲ့ အဖွဲ့တွေနဲ့ NCA မထိုးရသေးတဲ့ အဖွဲ့တွေကြားမှာ ဝိဝါဒကွဲပြားမှုတွေ ဖြစ်ပေါ်နေရင် ငြိမ်းချမ်းရေးခရီးဟာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာနိုင်ပါတယ်။ တိုင်းရင်းသား အချင်းချင်းကြားမှာ နားလည်မှု လွဲမှားတာတွေ စိတ်ဝမ်းကွဲပြားမှုတွေ မရှိစေဖို့ ဘုံသဘောတူညီချက်ဖြစ်တဲ့ NCA ရဲ့ ထီးရိပ် အောက်မှာ အားလုံးရောက်ရှိလာအောင် ကြိုးပမ်းနေတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပြီးတဲ့ နောက်မှာတော့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူးတူးဆေးဖိုးနဲ့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနာယက သူရဦးတင်ဦးနဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီးမွန်း တို့ကလည်း မိန့်ခွန်းတွေ ဆက်လက် ပြောကြားခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားတဲ့မိန့်ခွန်းထဲမှာတော့ တပ်မတော်အနေနဲ့ငြိမ်းချမ်းရေးမူ ၆ ချက်ကို ဆက်လက်ကိုင်စွဲထားကြောင်းနဲ့ NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ဖို့ ပြောကြားခဲ့ပါတယ်။

ဒါအပြင် လိုအပ်ချက်တွေကို နိုင်ငံရေးနည်းလမ်းအရ အစိုးရ၊ လွှတ်တော်လမ်းကြောင်းကသာ ဒီမိုကရေစီနည်းလမ်းတကျ တောင်းဆိုဖို့ကိုလည်း ပြောကြားခဲ့ပါတယ်။

ညီလာခံအဖွင့်မိန့်ခွန်းပြောကြားခွင့်ရဖို့ မနေ့ညပိုင်းထိ ညှိခဲ့ရတဲ့ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ မိန့်ခွန်းထဲမှာတော့ ဒီညီလာခံဟာ ဖွင့်ပွဲအခမ်းအနားသာသာ ဖြစ်တယ်ဆိုပေမယ့် တိုင်းပြည်ရဲ့ အနာဂတ်အရေးကို ဝိုင်းဝန်းဆွေးနွေးအဖြေ ရှာနိုင်ဖို့အတွက် ပထမခြေလှမ်းအစပျိုးမှု ဖြစ်တာကြောင့် နောင်အဆက်ဆက် ပြုလုပ် ကျင်းပမယ့် ညီလာခံတွေအတွက် သေချာစေ့စပ်စေဖို့ ခင်းကျင်းပေးတဲ့ လမ်းကြောင်းအစ ဖြစ်တယ်လို့ ပြောပါတယ်။

ညနေပိုင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ နဲ့ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ စောင့်ကြည့်ရေးကော်မတီတို့က အစီရင်ခံစာတွေဖတ်ကြားခဲ့ကြပါတယ်။ အခုလို ၂၁ ရာစုပင်လုံညီလာခံကို အောင်မြင်စွာစတင်နိုင်ခဲ့တဲ့အတွက် နောက် ၆ လမှာဆိုရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲတွေ စတင်တော့ မှာဖြစ်ပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာပါဝင်နိုင်ဖို့ဆိုရင် NCA စာချုပ်မှာလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီကြားထဲမှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်လာဖို့လိုပါတယ်။

ဒီလို လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဒီ ၆ လ အတွင်း ဘာတွေ လုပ်သွားနိုင်သလဲ ဘာတွေ အကောင်အထည်ဖေါ်နိုင်မလဲဆိုတဲ့ အပေါ် မူတည်တယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့အကြံပေး ဆောင်ရွက်သူ ဦးခွန်ဆိုင်းက ပြောပါတယ်။

အဓိကအားဖြင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြင်ဆင်ရေးကိုအဓိကဆွေးနွေးရမှာဖြစ်ပါတယ်။

မနက်ဖန်မှာတော့ နိုင်ငံရေးပါတီတွေက လုံခြုံရေးနဲ့နိုင်ငံရေးဆိုင်ရာ ကိစ္စတွေကိုဆွေးနွေးမှာ ဖြစ်ပါတယ်။