ငြိမ်းချမ်းရေးအတွက် သမာသမတ်ရှိတဲ့ ကြားခံ ညှိနှိုင်းရေး လိုအပ်

  • 31 ဩဂုတ် 2016
၂၁ရာစုပင်လုံညီလာခံခန်းမ
Image caption ၂၁ရာစုပင်လုံညီလာခံခန်းမ

နေပြည်တော်မှာ ဗုဒ္ဓဟူးနေ့က စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေးမှာ မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့တက်ဖို့ ညှိနှိုင်းပေမယ့် နောက်ဆုံး မတက်ဖြစ်တဲ့အတွက် All inclusive လက်နက်ကိုင် အဖွဲ့အစည်းအားလုံး မပါဝင်လို့ သူ့အနေနဲ့ တက်ရောက်နိုင်ခြင်း မရှိကြောင်း SNLD ပါတီဥက္ကဌ ခွန်ထွန်းဦးက ဘီဘီစီကို ပြောပါတယ်။

အခုအခါ တဖက်နဲ့တဖက် အလျှော့အတင်း မလုပ်နိုင်တာက ကြားခံညှိနှိုင်းပေးမယ့် Mediator လိုနေတယ်လို့ ယူဆကြောင်း၊ ကြားခံဆောင်ရွက်သူ အနေနဲ့ သမာသမတ် ရှိဖို့လိုကြောင်း သူကပြောပါတယ်။

လောလောဆယ် တိုက်ပွဲတွေ မရပ်တာကလည်း ဘိန်းကရတဲ့ ငွေတွေကို အရင်ရပ်အောင် လုပ်ဖို့လိုမယ်လို့ ခွန်ထွန်းဦးက ဆက်ပြောပါတယ်။ အခုအခါ ကုလသမဂ္ဂက ငြိမ်းချမ်းရေးရအောင် ဝင်ရောက် အားပေးပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုဟာ တရုတ်နဲ့ နယ်နိမိတ်ချင်း ကပ်နေလို့ တိုက်ပွဲဖြစ်ရင် တဖက်ကို ရှောင်သွားနိုင်တဲ့အတွက် ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်ကို ဘယ်လောက် နာခံမလဲဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်လို့ သူက သုံးသပ်ပါတယ်။

ညီလာခံကို တက်ရောက်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးရသေးတဲ့ ကေအိုင်အို ကချင်အဖွဲ့မှ နည်းပညာအဖွဲ့ဝင် ဦးဒေါင်းခါးကလည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာနဲ့ ပြည်သူလူထု အင်အားကို သုံးပြီး နိုင်ငံရေးစနစ် ပြောင်းလဲဖို့ ကြိုးပမ်းနေရာမှာ Political Framework နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လုပ်ရင် ကျင့်သုံးမယ့် နိုင်ငံရေး မူဘောင်တွေ ညှိနှိုင်းဆုံးဖြတ်လို့ မရသေးတဲ့အတွက် အရမ်းမျှော်လင့်လို့ မရဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အခုအခါ တပ်မတော်ရဲ့ သဘောထားအတိုင်း အစိုးရက ဆောင်ရွက်နေရလို့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး တောင်းဆိုမှုတွေမှာ အစိုးရက လုပ်ပေးနိုင်တာနဲ့ တပ်မတော်ရဲ့ သဘောထား ကိုက်ဖို့က အဓိက စိန်ခေါ်မှု ဖြစ်နေတယ်လို့ ဦးဒေါင်းခါးက ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ