လက်ရှိ ဖွဲ့စည်းပုံမှာ ဖက်ဒရယ် လက္ခဏာတွေ ပါတယ်လို့ တပ်မတော်က ပင်လုံမှာ စာတမ်းဖတ်

  • 1 စက်တင်ဘာ 2016
panglong_conference_army_paper
Image caption တိုင်းရင်းသား တွေ ဆွေးနွေး ချပြကြတဲ့ ဖက်ဒရယ် မူ တွေ နဲ့ တပ်မတော် ရဲ့ သဘောထား အမြင် တွေ ကွဲလွဲ နေ။

၂၁ ရာစု ပင်လုံညီလာခံ မှာ တက်ရောက် နေကြတဲ့ အစုအဖွဲ့တွေ ရဲ့ ဆွေးနွေးပွဲ တွေ စတင် လာခဲ့ပြီ ဖြစ်တာ မှာ တပ်မတော် အစုအဖွဲ့က တက်ရောက် ကြသူတွေ လည်း စက်တင်ဘာ ၁ ရက် နေ့ အစည်းအဝေး အတွင်း စာတမ်း ဖတ်ကြား တာတွေ ပြုလုပ် ခဲ့ပါတယ်။

တပ်မတော်သား တွေ ဖတ်ကြားတဲ့ စာတမ်း ဟာ လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒ ထဲမှာလည်း ဖက်ဒရယ် ပြည်ထောင်စု ရဲ့ ဝိသေသ လက္ခဏာ တွေလည်း ပါဝင် နေတယ် ဆိုတဲ့ အချက် ကို အဓိက ထား ပြောသွားတာ ဖြစ်တယ်လို့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို လေ့လာ နေသူ တွေက ဆိုပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ ထဲမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေ သတ်မှတ်ထားတာ၊ နိုင်ငံသား အခွင့်အရေး တွေ ပေး ထားတာ အပါအဝင် အမျိုးသား လွှတ်တော် ဖွဲ့စည်းထားပုံ တွေကို ကိုးကားပြီး ဖက်ဒရယ် စနစ် ကို လက်ရှိ ဖွဲ့စည်းပုံ ကလည်း အာမခံ ထားတယ် ဆိုပြီး တပ်မတော်သား တွေက ပြောတာ ဖြစ်တယ်လို့ တကောင်း နိုင်ငံရေး လေ့လာမှု အဖွဲ့က သုံးသပ် ပါတယ်။

ဒါပေမယ့် တိုင်းရင်းသား တွေ ဆွေးနွေး ချပြကြတဲ့ ဖက်ဒရယ် မူ တွေ နဲ့ တပ်မတော် ရဲ့ သဘောထား အမြင် တွေ ကွဲလွဲ နေတုန်း ပဲ လို့ တကောင်း အဖွဲ့ရဲ့ ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ဆိုပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ ညီလာခံ အဖွင့် မိန့်ခွန်း ထဲမှာလည်း ဖွဲ့စည်းပုံ ကို လိုက်နာရမယ် ဆိုတဲ့ အချက် ပါဝင် နေတဲ့ တပ်မတော်ရဲ့ မူ ၆ ချက် ကို ထပ်လောင်း အတည် ပြု ပြောဆို ထားပါတယ်။

နိုင်ငံရေး အင်အားစု တွေ နဲ့ တိုင်းရင်းသား တွေ ကတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် နိုင်မယ့် ဖွဲ့စည်းပုံ တစ်ရပ် လိုအပ် နေတယ်လို့ အစဉ်တစိုက် ပြောဆိုလေ့ ရှိကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ