ညီလာခံ ဒုတိယနေ့မှာ ဝတပ်ဖွဲ့ ထွက်သွား

  • 1 စက်တင်ဘာ 2016
uwsa_left_peaceconference
Image caption ခွဲခြားဆက်ဆံခံရတယ်လို့ ဝတပ်ဖွဲ့ ယူဆလို့ ညီလာခံ ဆက်မတက်တော့

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယနေ့ ဆက်လက် ကျင်းပနေရာမှာ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ကိုယ်စားလှယ်တွေက ညီလာခံ ဆက်မတက်တော့ဘဲ ထွက်သွားခဲ့ပါတယ်။

ညီလာခံ တက်ဖို့ လေ့လာသူ တွေကို ပေးတဲ့ ကတ်ပြား တွေသာ ထုတ်ပေးခဲ့ပြီး နေရာချထားရာ မှာလည်း ခွဲခြား ဆက်ဆံတယ်လို့ ခံစားရတဲ့အတွက် ညီလာခံက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ UWSA ဝ တပ်ဖွဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒါဟာ နားလည်မှု လွဲတာသာ ဖြစ်တဲ့အတွက် ညီလာခံ ပြန်တက်ဖို့ ညီလာခံကျင်းပရေးကော်မီတီက သွားရောက် ဆွေးနွေးခဲ့ပေမဲ့ သူတို့ကတော့ တမင်ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ခံစားမိကြောင်း UWSA ဝ ကိုယ်စားလှယ် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ညီလာခံကျင်းပရေး ကော်မတီက အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒေါက်တာလျန်မုန်းဆာခေါင်းနဲ့ ရဲဘော်မျိုးဝင်းတို့က ဝတပ်ဖွဲ့ တည်းခိုတဲ့ နေရာကို နေ့လယ်ပိုင်း မှာလိုက်သွားပြီး သူတို့ အနေနဲ့ နိုင်ငံရေးအရ လူမျိုးရေးအ ဖွဲ့အစည်းအရ ခွဲခြားဆက်ဆံတာ မဟုတ်ဘဲ နည်းပညာ အမှားအယွင်း ကြောင့်ဖြစ်ရတာလို့ ဒေါက်တာလျန်မုန်းဆာခေါင်းကပြောပါတယ်။

UWSA ကိုယ်စားလှယ်တွေက ညီလာခံ ဆက်မတက်ဘဲ ပြန်သွားခဲ့ပေမဲ့ ညီလာခံမှာ ဆွေးနွေးဖို့ ယူလာတဲ့ စာတမ်းကိုတော့ တာဝန် ရှိသူတွေကိုပေးခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင် ခက်ခက်ခဲ ညှိနှိုင်းခဲ့ပြီးမှ ၂၁ ရာစုပင်လုံကို တက်ရောက်လာတဲ့ အင်အားကြီးမားတဲ့ ဝတပ်ဖွဲ့ အခုလို ညီလာခံ မပြီးခင် ထွက်သွားခဲ့တာဖြစ်ပါတယ်။

မြန်မာ့ နိုင်ငံရေး လေ့လာသူ အမေရိကန် ဘာကလေ တက္ကသိုလ်က နိုင်ငံရေး သိပ္ပံ ပါရဂူ ကျမ်းပြုနေသူ ကိုမင်းဇင်က ရင်ကြားစေ့ရေးလုပ်ဆောင်ရာမှာ အသေးစိတ်က အစ အထူး ဂရုစိုက်ဖို့ လိုအပ်တယ်၊ ဒါမှမဟုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာပြီး အထင်အမြင်လွဲတာတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေး ညီလာခံ စတင်ကျင်းပချိန်က စပြီး အခုလို ခွဲခြားဆက်ဆံတာ နှိမ့်ချခံရတာတွေ ဖြစ်ခဲ့တယ်လို့ တိုင်းရင်းသား ကိုယ်စားလှယ်တချို့က ပြောပါတယ်။

တိုင်ရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ နာမည်ရှေ့မှာ စစ်ဖက်ဆိုင်ရာ ရာထူးတွေ မတပ်တာနဲ့ ညစာစားပွဲမှာ နေရာချထားတာနဲ့ ပတ်သက်လို့ အဆင်မပြေ ခဲ့တာတွေ ရှိခဲ့လို့ တချို့ကိုယ်စား လှယ်တွေက ညီလာခံ ဒုတိယနေ့မှာပဲ ပြန်သွားကြတာတွေ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ