ဖားကန့်မှာ ရေကြီးလို့ ရပ်ကွက် လေးခု ရေမြုပ်

  • 2 စက်တင်ဘာ 2016
Image caption ဖားကန့်မြို့ မြေစာပုံအနီး မြင်ကွင်း

ကချင်ပြည်နယ် ဖားကန့်မြို့က ရပ်ကွက် ၅ ခု ရှိတဲ့ အထဲမှာ ၄ ခုက ရေတွေ မြုပ်နေပြီး လူတချို့ က ကိုယ့်နေအိမ်တွေကိုစွန့်ခွာပြီးနီးစပ်ရာလူတွေနဲ့ အတူ သွားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရေကြီးတာကြောင့် ဥရုချောင်းဘေးက ရပ်ကွက်တွေ ဖြစ်တဲ့ ငှက်ပျောတော၊ မြို့မနဲ့ အေးမြသာယာ ရပ်ကွက်တွေ အပါအဝင် ရပ်ကွက် လေးခုနဲ့ မြို့ခံလူဦးရေ သုံးပုံနှစ်ပုံလောက် ရေကြီးတဲ့ ဒဏ်ခံနေရပါတယ်။

ဖားကန့်မြို့ခံ ဦးလဒေါင်ကို ဘီဘီစီက မေးမြန်းရာမှာတော့ ကုမ္ပဏီတွေက ကျောက်တူးရာမှာ ထွက်လာတဲ့ မြေစာပုံတွေ မြင့်တက်လာတာကြောင့် ဥရုချောင်း ရေကြီးလာပုံရတယ်လို့ ပြောပါတယ်။

ဖားကန့်မြို့မှာ မိုးကြီးပြီး ရေလွှမ်းတာမျိုးဟာ နှစ်တိုင်း ဖြစ်နေကျ ဖြစ်ပေမယ့် ဒီနှစ် မိုးမများပေမယ့် မြေစာပုံတွေမြင့်လာတာကြောင့် ပိုဆိုးသွားခဲ့တာလို့ ဦးလဒေါင်က ပြောပါတယ်။

အခုလို ရေကြီးမှုကြောင့် အိမ်ခြေတရာကျော် နစ်မြုပ်ခဲ့ပြိး ထိခိုက် ဒါဏ်ရာရသူတော့ ရှိမရှိ မကြားရသေးဘူးလို့ ပြောပါတယ်။

လောလောဆယ်မှာ လူမှုအဖွဲ့အစည်းတွေက ထမင်းထုပ် ဝေတာတွေ လုပ်နေပြီး မြို့နယ် အုပ်ချုပ်ရေးဝန်ထမ်းနဲ့ ရဲတွေကတော့ စစ်ဆေးကြည့်ရှုတာကို လုပ်နေတယ်လို့ ဆိုပါတယ်။