NCA လက်မှတ်ထိုးရေး မထိုးရေး ကိစ္စ

  • 3 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဖြစ်ခဲ့တဲ့ကိစ္စတွေ ပြန်လှည့်ကြည့်ပြီး အာယာတနဲ့ သံသယတွေ ပွားနေမယ့်အစား ဘယ်လို ကောင်းမွန်တဲ့ အမွေအနှစ်ကို ချန်ခဲ့မလဲ စဉ်းစားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

လာမယ့် ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါမှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်ထိုးမှ ဆွေးနွေးပွဲတွေမှာ ပါဝင်လို့ ရမယ်ဆိုပြီး အစိုးရဘက်ကရော ငြိမ်းချမ်းရေး ညှိနှိုင်းနေသူတွေဘက်ကပါ ပြောနေတာ ဖြစ်ပါတယ်။

အပစ် မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကတော့ NCA စာချုပ်ပါ အချက်အလက် တချို့ ပြင်ပေးမှပဲ လက်မှတ် ရေးထိုးမယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း NCA စာချုပ်ပါ အချက်တွေကို ပြင်ဖို့က သိပ်မလွယ်ကြောင်း၊ NCA ကို အခြေခံပြီး ငြိမ်းချမ်းရေး တည်ဆောက်သွားမယ်၊ နိုင်ငံရေး ဆွေးနွေးပွဲ သွားမယ် ဆိုတဲ့ အပေါ်မှာ ခုလက်ရှိ အစိုးရသစ်နဲ့ တပ်မတော်ဘက်က မတူတဲ့ အမြင်မျိုး မရှိပေမယ့် ဖယ်ဒရယ် တည်ဆောက်မယ် ဆိုတဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း တင်ပြလာနိုင်တဲ့ အဖွဲ့အစု အနေအထားကို ကြည့်ပြီး ပိုဆုံးဖြတ်နိုင်တဲ့ အခြေအနေမျိုးကို ရောက်လာတယ်လို့ ထင်ကြောင်း NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ထဲက တဖွဲ့ ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်၊ NCA စာချုပ် အကောင်အထည် ဖော်ရေး ကော်မတီဝင်လည်း ဖြစ်တဲ့ ဖဒို စောကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ တိုင်းရင်းသား လက်နက်ကိုင် ၂၁ဖွဲ့ ရှိတဲ့အထဲက ၈ဖွဲ့ပဲ NCA လက်မှတ်ထိုးထားပြီး ကျန်တဲ့ လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေ ထဲမှာတော့ ကချင် KIO ၊ ရှမ်း SSPP/SSA၊ ဝ UWSA ၊ ကိုးကန့် MNDAA စတဲ့ အဖွဲ့အစည်းကြီးတွေ ပါဝင်ပါတယ်။

UNFC ဒုဥက္ကဌ မွန်ပြည်သစ်ပါတီက ဦးနိုင်ဟံသာကတော့ သူတို့ တောင်းဆိုချက်တွေ ရမှပဲ လက်မှတ်ရေးထိုးမယ်လို့ ပြောပါတယ်။ အခု ဆွေးနွေးပွဲမှာ အပစ်ရပ်ရေး ကိစ္စကိုသာမက ဖက်ဒရယ်အရေး၊ ပြည်နယ် တောင်းဆိုမှု စတဲ့ ရပ်တည်ချက် အမျိုးမျိုးတွေ ကိုလည်း တင်ပြ ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ မူဝါဒနဲ့ မဟာဗျူဟာ လေ့လာရေး Institute က နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ တချို့ တိုင်းရင်းသား အုပ်စုငယ်တွေကြားမှာ အစွန်းရောက်မှုတွေ ရှိနေပေမယ့် တကယ်တမ်း အဓိက ကျတဲ့ UNFC၊ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ၊ အစိုးရ၊ တပ်မတော်စတဲ့ အုပ်စုကြီးတွေ အကြား အသေအချာ ညှိနှိုင်း သဘောတူနိုင်ရင်တော့ ရှေ့ဆက်သွားနိုင်မှာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

အခုလုပ်တဲ့ ၂၁ရာစု ပင်လုံညီလာခံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ သူတို့ရဲ့ သဘောထားတွေကို တင်ပြကြတာပဲ ဖြစ်ပြီး ဒါကို ပြန်လည် ဆွေးနွေးတာ သဘောထား ရယူတာမျိုးတွေ မရှိခဲ့ပေမယ့် နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲတွေမှာတော့ ငြိမ်းချမ်းရေး ဖက်ဒရယ် ကိစ္စနဲ့ ပတ်သက်လို့ အကြိတ်အနယ် ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် အဲဒီ ဆွေးနွေးပွဲတွေမှာ ပါဖို့ အများက လိုလားနေကြတာ ဖြစ်ပါတယ်။