၂၁ ပင်လုံ ညီလာခံက တဆင့် ဘုံသဘောတူချက် ရဖို့လိုအပ်

  • 3 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ပြည်ထောင်စု သဘောတူညီချက် နဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ရမယ်လို့ တိုင်းရင်းသားတွေက သုံးသပ်

၂၁ရာစု ပင်လုံ ညီလာခံ ကျင်းပခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစု ဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ညီလာခံ အတွေ့အကြုံ တွေ ကို ပြန်လည် သုံးသပ်ခဲ့ပါတယ်။

ကျင်းပ ပြီးစီးခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ တပ်မတော် ဘက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို အဓိက ကာကွယ် ရပ်တည် ပြီး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် နိုင်ဖို့ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြုပြင်ပြောင်းလဲ ဖို့ လုပ်ရမယ်လို့ တိုင်းရင်းသား လူမျိုးများ ဘက်က ညီလာခံမှာ တင်ပြကြပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံ ရဲ့ နောက်ဆုံး ရလဒ် ကတော့ ပြည်ထောင်စု သဘောတူညီချက် နဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ဖြစ်ပြီး အဲဒီ သဘောတူညီချက် ရဖို့ ဆက်လက် ညှိနှိုင်း ရဦးမှာ ဖြစ်ပါတယ်။

အစိုးရ ဘက်က အားလုံး ပါဝင်ရေးမူကို လက်မခံ နိုင်သေးတဲ့ အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို UNFC ဘက်က လက်မှတ် မထိုး သေးတာလို့ ရခိုင်အမျိုးသားကွန်ဂရက် က ဦးထွန်းဇော်က ပြောပါတယ်။

တပ်မတော်ဘက်က အားလုံးပါဝင်ရေး မူကို လက်ခံ နိုင်မယ်ဆိုရင် အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။

အကျပ်အတည်း ဖြစ်နေတဲ့ NCA ထဲ အဖွဲ့အားလုံး ပါဝင်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ပြောင်းလဲရေး ကိစ္စတွေကို ကျော်လွှားဖို့ အတွက် တပ်မတော် ဘက်က ဖြေလျော့မှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ UNFC က ပြောပါတယ်။

တပြိုင်နက်ထဲမှာပဲ သက်ဆိုင်ရာဒေသ တွေမှာ တိုက်ပွဲတွေက ပုံစံ မျိုးစုံ နဲ့ ဖြစ်ပွားလျှက် ရှိပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးခွင့် ပြုပြီး စားပွဲပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ညှိနှိုင်း အဖြေရှာတဲ့ ပုံစံမျိုးကို ဖန်တီး တည်ဆောက်မယ်ဆိုရင် အားလုံး အတွက် ကောင်းမွန်တဲ့ ရေခံမြေခံ ကို ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရ ရဲ့ သဘောထား နဲ့ တပ်မတော်ဘက်က ချည်းကပ်မှု ပုံစံချင်းကလည်း မတူညီမှုတွေ ရှိနေပါတယ်။

အစိုးရ နဲ့ တပ်မတော် ကြားမှာ ညှိနှိုင်းမှု တစုံတရာ လုပ်ဖို့ လိုအပ်မယ်လို့ တိုင်းရင်းသား တွေ ဘက်က ရှုမြင်ထားပါတယ်။

အစိုးရ ဘက်က လောလောဆယ် မြေပြင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ လိုပါတယ်။

နောက်ခြောက်လမှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံ မှာ တိုးတက်မှု ရှိဖို့ ဆိုရင် လက်ရှိ တိုက်ပွဲတွေကို ရပ်တန့်ဖို့ လိုအပ်မယ်လို့ UNFC ဘက်က ကောက်ချက်ချပါတယ်။

တိုင်းရင်းသားတွေ ဘက်က တင်ပြ နေသလို ၈ ပြည်နယ် တည်ထောင်ရေး ကိစ္စ နဲ့ ပတ်သက်ပြီး အားလုံးနဲ့ ညှိနှိုင်း အဖြေရှာသွားမယ်လို့ UNFC ဘက်က ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ