ရခိုင် အကြံပေးကော်မရှင် ဥက္ကဌ ခန့်အပ်မှု ဝေဖန်

  • 4 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဆတ်ဆတ်ထိ မခံတဲ့ ပြည်တွင်းကိစ္စမှာ နိုင်ငံခြားသား ပါဝင် ဆောင်ရွက်တာကို လက်မခံနိုင်ဘူးဆိုပြီး ဝေဖန်မှုတွေ ရှိနေ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဌ အဖြစ် တာဝန်ပေးခံရသူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ မြန်မာနိုင်ငံကို စက်တင်ဘာလ ၃ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားကို သွားမယ် ဆိုတဲ့ သတင်း ထွက်လာပေမယ့် ဘုရားဘက်ကို သွားတာကိုတော့ မတွေ့ရဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရန်ကုန်မြို့က လုံခြုံရေး တပ်ဖွဲ့ဝင်တွေဆီက သတင်းအရ ဆိုရင် သူဟာ တည်းခိုရာ ရှန်ဂရီလာ ဟိုတယ် မှာပဲ ရှိနေခဲ့ပြီး ဟိုတယ်တွင်းမှာပဲ အစည်းအဝေးတွေ လုပ်နေတယ်လို့ ယူဆရပါတယ်။

စက်တင်ဘာလ ၄ရက်နေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ရော၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဝင်တွေနဲ့ပါ တွေ့ဆုံမှာပါ။

မစ္စတာ ကိုဖီ အာနန်ဟာ ရခိုင်ပြည်နယ် ဘက်ကိုတော့ စက်တင်ဘာလ ၆ရက်ကနေ ၇ရက်နေ့အထိ သွားရောက်ဖို့ ရှိပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဌ အဖြစ် သူ့ကို တာဝန်ပေးအပ်ခဲ့တာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်မှာရော ရန်ကုန်မြို့မှာပါ ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်ထားကြပါတယ်။

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူ ဦးခင်မောင်ဆွေက မြန်မာပြည်တွင်းက ဆတ်ဆတ်ထိ မခံတဲ့ ကိစ္စတခုကို အခုလို အစိုးရက နိုင်ငံတကာ ပညာရှင်တွေ ခေါ်ပြီး လုပ်ခိုင်းတာမျိုး သူ့အနေနဲ့ တခါမှ မကြုံခဲ့ဖူးကြောင်း၊ အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်လို့ စောင့်ကြည့် လေ့လာဖို့ လိုပြီး ဒီကိစ္စကို အချုပ်အခြာ အာဏာပိုင် ပြည်သူတွေကသာ အဆုံးအဖြတ် ပြုသင့်ကြောင်း ဘီဘီစီကို ပြောပါတယ်။

သူ့ရဲ့ ခရီးစဉ်အတွင်း တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ မစ္စတာ ကိုဖီ အာနန်ဟာ စက်တင်ဘာလ ၈ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ သိရပါတယ်။