NLD ရှမ်းပြည်နယ်ဥက္ကဋ္ဌ ထုတ်ပယ်ခံရ

win htein ဓာတ်ပုံ မူပိုင် AP
Image caption ပါတီ ဗဟို ကော်မတီဝင် ဦးဝင်းထိန် နှုတ်မိန့်နဲ့ ထုတ်

NLD ရှမ်းပြည်နယ်ဥက္ကဋ္ဌနဲ့ တောင်ကြီးခရိုင်ဥက္ကဋ္ဌ အပါအဝင် ၆ ဦးကို ပါတီ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ဦးဝင်းထိန် နှုတ်မိန့်နဲ့ အလုပ်အမှုဆောင်တွေ အဖြစ်ကနေ ထုတ်လိုက်ပါတယ်။

ရှမ်းပြည်နယ်ရဲ့ NLD ပါတီ အလုပ် အမှုဆောင် ပြန်ဖွဲ့ဖို့ ရောက်နေတဲ့ ဦးဝင်းထိန်က ရှမ်းပြည်နယ် ပါတီ အလုပ် အမှုဆောင် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးနဲ့ အတွင်းရေးမှူးတွေ အပြင် တောင်ကြီး ခရိုင် ဥက္ကဋ္ဌ နဲ့ ပြည်နယ် အလုပ်အမှုဆောင် စုစုပေါင်း ၆ ဦးကို သူ့နှုတ်မိန့်နဲ့ ထုတ်ပယ်လိုက်ပါတယ် ။

နိုင်ငံရေးမှာ စီအီးစီမရှိဘူး၊ သမိုင်းပဲရှိတယ်။ စီအီးစီကို ဝယ်လို့ရတယ်၊ နိုင်ငံရေးသမိုင်း က ဝယ်လို့မရဘူး လို့ ထုတ်ပယ်ခံရတဲ့ထဲမှာ ပါတဲ့ တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးရဲ့ ကိုယ်ပိုင် လူမှုကွန်ယက် စာမျက်နှာမှာ ရေးထားတာ တွေ့ရပါတယ်။

ရှမ်းပြည်ကို ရောက်နေတဲ့ ဦးဝင်းထိန် ကတော့ တာချီလိတ် မီဒီယာကို ပြောတဲ့ထဲမှာ ကိုတင်မောင်တိုးဟာ မကျေနပ်တာ ရှိရင် ပါတီတွင်း လွတ်လွတ်လပ်လပ် ပြောလို့ရရက်နဲ့ ဖေ့စ်ဘုတ်မှာ ပိုက်ဆံရှိရင် စီအီးစီလုပ်လို့ ရတယ် လို့ ရေးခဲ့တာကြောင့် ဒီကိစ္စဟာ ပါတီစည်းကမ်း ကျူးလွန်ရာ ရောက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဆီကလည်း ပြတ်ပြတ်သားသား လုပ်ဖို့ အမိန့်ရပြီးသားလို့ ပြောသွားပါတယ်။

NLD ပါတီဗဟိုကို ဆက်သွယ် မေးကြည့်တော့ ဒီကိစ္စ သူတို့မသိသေးဘူးလို့ဖြေဆိုခဲ့သလို ပါတီဗဟိုရဲ့ တရားဝင် ထုတ်ပြန်ချက်လည်း ခုချိန်ထိ မတွေ့ရသေးပါဘူး။

ဇွန်လ ၂၉ ရက်နေ့ ကလည်း မန္တလေးတိုင်း ရမည်းသင်း မြို့နယ်က NLD ဒုဥက္ကဋ္ဌ အပါအဝင် ပါတီဝင် ၁၂ ဦးကို ပါတီက ထုတ်ပယ် ခဲ့ပါသေးတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ