မြန်မာ အပေါ် ပိတ်ပင်မှုတချို့ ဆက်ထားဖို့ လူ့အခွင့်အရေး အဖွဲ့ တိုက်တွန်း

  • 4 စက်တင်ဘာ 2016
_obama_myanmar
Image caption အမေရိကန် အနေနဲ့ မြန်မာ နိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှု တွေ ပိုမို ပြုလုပ် လိုနေ တဲ့ အတွက် ကန့်သတ်မှု တချို့ ဖယ်ရှား ပေးဖို့ ဖြစ်လာနိုင်။

မြန်မာ နိုင်ငံ ရဲ့ ဒီမိုကရေစီ အသွင်ပြောင်း လဲမှု ဖြစ်စဉ် ကို စစ်တပ်က နှောင့်ယှက် ဟန့်တားမှု တွေ မရှိအောင် ရည်ရွယ် ချက် နဲ့ ဆက်လက် ချမှတ် ထားဆဲ ဖြစ်တဲ့ အရေးယူ ပိတ်ပင်မှု တချို့ ဖယ်ရှား မပေးဖို့ အမေရိကန် အစိုးရ အပေါ် တောင်းဆို သံတွေ ထွက်ပေါ် လာပါတယ်။

စက်တင်ဘာ လလယ် မှာ စတင်ဖို့ ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန် ပြည်ထောင်စု ခရီး အတွင်း အရေးပါတဲ့ ကန့်သတ် ပိတ်ပင်မှု တချို့ကို ဖယ်ရှား ပေးရမလား ဆိုတာကို သမ္မတ အိုဘာမား က စဉ်းစား နေတယ် ဆိုပြီး အခု ရက်ပိုင်း တွေ အတွင်း သတင်း ထွက်ပေါ် လာခဲ့တဲ့ နောက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ HRW က တောင်းဆို လာတာ ဖြစ်ပါတယ်။

မြန်မာ စစ်တပ် အပေါ် ဖိအား ပေးမှု တွေ ဆက်လက် မပြုလုပ်ရင် ဒီမိုကရေစီ အသွင်ပြောင်း လဲမှုဟာ အန္တရာယ် ရှိတယ်လို့ လူ့ အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ Human Rights Watch က ဆိုပါတယ်။

အမေရိကန် အနေနဲ့ မြန်မာ နိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှု တွေ ပိုမို ပြုလုပ် လိုနေ တဲ့ အတွက် ကန့်သတ်မှု တချို့ ဖယ်ရှား ပေးဖို့ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှု တွေလည်း ရှိနေပါတယ်။

အမေရိကန် အစိုးရဲ့ လက်ကျန် ပိတ်ပင်မှု တွေဟာ အမေရိကန် ဘဏ္ဍာရေး ဌာန ရဲ့ နာမည်ပျက် စာရင်းထဲ ပါဝင် နေတဲ့ လူပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်း တစ်ခုချင်းစီ အပေါ် ပစ်မှတ် ထားပြီး ချမှတ် ထားတာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံ မှာ ကျင်းပ တဲ့ စက်မှု ထိပ်သီး နိုင်ငံ ၂ဝ ရဲ့ ထိပ်သီး ဆွေးနွေးပွဲ အပြီး အရှေ့အာရှ ထိပ်သီး ညီလာခံကို တက်ဖို့ သမ္မတ အိုဘားမားဟာ ရှေ့ သီတင်းပတ် ထဲ လာအို နိုင်ငံ ကို သွားရောက်ဖို့ ရှိနေတာမှာ အဲဒီ့ ညီလာခံမှာ လည်း ဒေါ်အောင်ဆန်းစုကြည် ရှိနေလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ