ကော့ကရိတ်မြို့က မီးသတ်ရုံနားမှာ ဗုံးပေါက်ကွဲ

  • 5 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Dawna AungToe
Image caption မီးလောင်ထားတဲ့ မီးသတ်ကား ဆီတိုင်ကီကို တွေ့ရစဉ် - ဓါတ်ပုံ ဒေါနအောင်တိုး

ကရင်ပြည်နယ် ကော့ကရိတ်မြို့ စျေးအနီးက မီးသတ်ရုံးနားမှာ ဒီကနေ့ အာရုဏ်မတက်ခင် ဗုံးတလုံး ပေါက်ကွဲခဲ့တဲ့အတွက် မီးသတ်ကား တစီး ပျက်စီးခဲ့ပြီး လူအထိအခိုက်တော့ မရှိဘူးလို့ ကော့ကရိတ် ရဲစခန်းက ဘီဘီစီကို ပြောပါတယ်။

ပေါက်ကွဲခဲ့တဲ့ ဗုံးဟာ ၆၀မမ ဗုံးသီးနဲ့ ပြုလုပ်ထားတဲ့ လက်လုပ် အချိန်ကိုက်ဗုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲခဲ့တဲ့ နေရာဟာ လူစည်ကားတဲ့ ဈေးနားက မီးသတ်ရုံနားမှာ ဖြစ်ပေမယ့် ပေါက်ကွဲတဲ့အချိန်ဟာ လူခြေတိတ်ချိန်ဖြစ်တဲ့အတွက် အထိအခိုက် မရှိခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် မီးသတ်ကားရဲ့ ဓါတ်ဆီတိုင်ကီ မီးလောင် ပေါက်ကွဲခဲ့ပေမယ့် အချိန်မှီ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာနဲ့ အသေးစိတ်ကိုတော့ သက်ဆိုင်ရာက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့အပတ်က ဆင်ဦးစီးက ဓါးခုတ်မှုနဲ့ သေဆုံးသွားတဲ့ ဗိုလ်နားမကြားရဲ့ နောက်လိုက်အဖွဲ့ဝင်တွေက တချို့နေရာတွေမှာ ကြိုကြားပစ်ခတ်မှုတွေ လုပ်ခဲ့တဲ့ အတွက် သူတို့လက်ချက်ဖြစ်နိုင်တယ်လို့ ကော့ကရိတ်မြို့ပေါ်မှာ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီကေဘီအေ အဖွဲ့ဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။