၂ဝဝ၈ ဖွဲ့စည်းပုံ ကာကွယ်ရေးမူကို ၃ဖွဲ့ မဟာမိတ်အုပ်စု ဝေဖန်

_min_aung_hlaing ဓာတ်ပုံ မူပိုင် Reuters
Image caption ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဟာ အနည်းဆုံး ၃ နှစ် ကနေ ၅ နှစ် အထိ ကြာမြင့် နိုင်တယ်ဆိုတဲ့ သုံးသပ် မှု မျိုး တွေလည်း ညီလာခံ ရက် တွေ ကတည်းက ပေါ် ထွက် ခဲ့။

၂၁ ရာစု ပင်လုံ ညီလာခံ မှာ တပ်မတော် က ဖော်ပြ ခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ကို ဆက်လက် ကိုင်စွဲ ရေးသဘောထား ရပ်တည်ချက် ဟာ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့ ဆန့်ကျင် ဘက် ဖြစ်နေတယ် ဆိုပြီး ရခိုင် လက်နက်ကိုင် AA၊ တအာင်း ပလောင် TNLA နဲ့ ကိုးကန့်တပ် MNDAA တို့ က ဝေဖန် လိုက်ကြ ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ ကို လိုက်နာဖို့ အချက် ပါဝင် နေတဲ့ တပ်မတော် ရဲ့ ငြိမ်းချမ်းရေး မူ ၆ ချက် ဆိုတာ ကိုလည်း ပြောင်းလဲ ဖို့ လို နေတယ်လို့ အဲဒီ့ မဟာမိတ် ၃ ဖွဲ့ က ဆိုပါတယ်။

အဲဒီ့ ၃ ဖွဲ့ ဟာ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ ပါဝင်ခွင့် မရှိ တာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ပြုလုပ် ခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံ မှာ တက်ရောက် ခဲ့ခြင်း မရှိ ပါဘူး။

ညီလာခံ ဖွင့်ပွဲနေ့ မှာပဲ တပ်မတော် မူ ၆ ချက် ကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှုးကြီး မင်းအောင်လှိုင် က ထပ်လောင်း အတည်ပြု ခဲ့သလို နောက်ပိုင်း ဆွေးနွေးပွဲ ရက် တွေမှာလည်း တပ်မတော် ဘက်က တက်ရောက် ခဲ့သူ တွေ က ဖွဲ့စည်းပုံ ကာကွယ်ရေး အပေါ် အဓိက ထား ပြော ခဲ့ကြပါတယ်။

တိုင်းရင်းသား အင်အားစု တွေ နဲ့ တပ်မတော် ကြား သဘောထား အမြင် တွေ ဘယ်လောက် ကွာဟ နေတယ် ဆိုတာကို ညီလာခံ ရက် တွေ တုန်း က ထင်ထင်ရှားရှား တွေ့မြင် ခဲ့ရတယ် လို့ မြန်မာ့ နိုင်ငံရေး လေ့လာ သူ တစ်ဦး ဖြစ်တဲ့ စာရေးဆရာ သန်းစိုးနိုင် က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဖွင့်နေ့ မိန့်ခွန်း ထဲမှာလည်း NCA ထဲ လာဖို့ပဲ ပြောပြီး ဖွဲ့စည်းပုံ ပြောင်းလဲရေး နဲ့ ပတ်သက်လို့ ထည့်သွင်း ပြောခဲ့တာ မျိုး မရှိခဲ့ဘူး လို့ စာရေးဆရာ သန်းစိုးနိုင် က ဆိုပါတယ်။

ဒါ့ကြောင့် အခု လက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့ ရဲ့ တောင်းဆိုချက် ပြည့်မြောက် လာဖို့ အခြေအနေ လောလောဆယ် မမြင်ရ သေးသလို ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် ဟာ အချိန် ယူရလိမ့်ဦးမယ် လို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

၂၁ ပင်လုံ ညီလာခံ စတင် ချိန် က စပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဟာ အနည်းဆုံး ၃ နှစ် ကနေ ၅ နှစ် အထိ ကြာမြင့် နိုင်တယ်ဆိုတဲ့ သုံးသပ် မှု မျိုး တွေလည်း ညီလာခံ ရက် တွေ ကတည်းက ပေါ် ထွက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ