အာဆီယံထိပ်သီး ဆွေးနွေးပွဲ ဒေါ်စု ပထမဆုံး တက်ရောက်

  • 6 စက်တင်ဘာ 2016
Daw Aung San Suu Kyi attends ASEAN Summit ဓာတ်ပုံ မူပိုင် AP
Image caption ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံ ခေါင်းဆောင် တွေနဲ့ အတူ တွေ့ရတဲ့ ဒေါ်အောင်ဆန်း စုကြည်

လာအိုနိုင်ငံ ဗီယံကျန်း မြို့မှာ စက်တင်ဘာလ ၆ ရက်ကနေ ၈ ရက်နေ့ အထိ ကျင်းပမယ့် အာဆီယံထိပ်သီး ညီလာခံကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်နေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်က အာဆီယံထိပ်သီး ညီလာခံကို ပထမဆုံးအကြိမ် တက်ရောက်တာ ဖြစ်ပါတယ်။

အာရှနဲ့ ဥရောပ နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ ထိပ်သီး ဆွေးနွေးပွဲကို မြန်မာနိုင်ငံက သမ္မတ ဦးထင်ကျော် မတက်ရောက်ဘဲ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံ ခေါင်းဆောင်အနေနဲ့ တက်ရောက်တာကို အာဆီယံက လက်ခံလိုက်တာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံတော် အကြီးအကဲ အနေနဲ့ သတ်မှတ်ခံရပြီး အခုလို ညီလာခံ တက်ရောက်နိုင်တာဟာ ထူးခြားတယ်၊ ဒီအတွက် အာဆီယံနဲ့ မြန်မာ အစိုးရကြားမှာ ညှိနှိုင်းမှုတွေ လုပ်ခဲ့ရတယ်လို့လည်း သိရကြောင်း ရန်ကုန်မြို့က မဟာဗျူဟာနဲ့ မူဝါဒ ဆိုင်ရာ လေ့လာရေး ဌာန ဒါရိုက်တာ ဦးမင်းဇင်က ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန့်သတ်ချက်ကြောင့် တရားဝင် သမ္မတ ဖြစ်ခွင့် မရပေမဲ့ သမ္မတ အထက်မှာ သူရှိမယ်လို့ ပြောထားခဲ့တဲ့ အတိုင်း လက်တွေ့ ပြသတာလို့ ယူဆနိုင်ကြောင်းလည်း သူက ပြောပါတယ်။

ပြည်တွင်း နိုင်ငံရေးမှာရော နိုင်ငံ တကာ ဆက်ဆံရေးမှာပါ ဒေါ်အောင်ဆန်း စုကြည်ကပဲ အဓိကဆုံးဖြတ်ချက်တွေ ပေးနေတာ တွေ့ရပြီး တပ်မတော်ကတောင်မှ အရေးကြီး ကိစ္စရပ်တွေမှာ ပုံစံအမျိုးမျိုးနဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘောထားကို လက်ခံရယူ ဆောင်ရွက်နေတာတွေ တွေ့ရတယ်လို့ ဦးမင်းဇင်က ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေ ရှိနေပေမဲ့ လက်တွေ့ လုပ်ငန်း သဘောအရတော့ အဲဒီ အကန့်အသတ်တွေကို ဒေါ်အောင်ဆန်း စုကြည်ကကျော်လွှား သွားနိုင်ပြီလို့ ပြောနိုင်ကြောင်းလည်း ဦးမင်းဇင်က ပြောပါတယ်။

အကန့်အသတ်တွေ အများကြီး လုပ်ထားတဲ့ အခြေခံ ဥပဒေကို ဖြေလျှော့တာတွေ မလုပ်ရင် နိုင်ငံအတွင်း အဖွဲ့အစည်း ဌာန အသီးသီးရဲ့ ယန္တရား တွေဟာ သူ့အဖွဲ့ သူ့ဌာန အလိုက် အသက်ဝင်တာ မဟုတ်တော့ဘဲ ဖြစ်ချင်သလို ဖြစ်နေတာမျိုးကို တွေ့ရနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ