မွတ်ဆလင် ဒုက္ခသည်စခန်းကို ကိုဖီ အာနန် သွားဖို့ ရှိ

  • 6 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ရပ်မိရပ်ဖတွေနဲ့ ကိုဖီ အာနန် တွေ့ဆုံစဉ်မှာ စကားပြောဆိုခွင့် မရတဲ့အတွက် ရခိုင်တွေဘက်က ဝေဖန်

ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ ဒီနေ့ စက်တင်ဘာလ ၇ရက်နေ့ မနက်မှာ ဒုက္ခသည်စခန်းတွေကို လာရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၆ရက်နေ့ ညနေပိုင်း ကတော့ စစ်တွေမြို့က ဆရာတော်တွေနဲ့ တွေ့ဆုံခဲ့ သလို မွတ်ဆလင် အသိုင်းအဝိုင်း နဲ့လည်း သီးခြား တွေ့ဆုံခဲ့ပါတယ်။

မနက် ၉နာရီ လောက်မှာ စစ်တွေမြို့နားက မွတ်ဆလင် ဒုက္ခသည်စခန်း တစ်ခု ဖြစ်တဲ့ သက္ကယ်ပြင် စခန်းကို လာရောက်ဖို့ ရှိတယ်လို့ အကြောင်းကြားစာ ရထားပြီး ဖြစ်တယ်လို့ သက္ကယ်ပြင်စခန်းက တာဝန်ခံ တစ်ဦး က ဘီဘီစီကို ပြောပြပါတယ်။

နိုင်ငံသား ဖြစ်ခွင့်၊ လွတ်လွတ်လပ်လပ် သွားလာနေထိုင်ခွင့် စတာတွေနဲ့ ပတ်သက်လို့ မစ္စတာ ကိုဖီ အာနန်နဲ့ တွေ့ရင် တင်ပြဖို့ မျှော်လင့်ထားတယ်လို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

ဒါပေမယ့်လည်း မစ္စတာ ကိုဖီ အာနန် အနေနဲ့ သူသိရတဲ့ အကျိုးအကြောင်းတွေကို ပြန်တင်ပြရုံသာ လုပ်နိုင်မှာ ဖြစ်ပြီး တကယ်တန်းမှာ နိုင်ငံတော် အစိုးရကသာ ဒီကိစ္စတွေကို ဖြေရှင်းဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရခိုင် ရပ်မိရပ်ဖတွေနဲ့ စစ်တွေမှာ တွေ့ဆုံခဲ့တုန်းက မစ္စတာ ကိုဖီအာနန် ခေါင်းဆောင်တဲ့ အကြံပေး ကော်မရှင်ကို စကားပြောခွင့်မရတဲ့ အတွက် ရခိုင်တွေဘက်က ဝေဖန်မှုတွေ ရှိနေချိန်မှာ မွတ်ဆလင် ဒုက္ခသည်တွေဘက်ကို သွားရောက် တွေ့ဆုံတာဟာ ရခိုင် အဖွဲ့အစည်းတွေအနေနဲ့ မစ္စတာ ကိုဖီအာနန်ရဲ့ အကြံပေး ကော်မရှင်ဘက်ကို မယုံကြည်မှုတွေ ပိုများလာစေနိုင်ပြီး ကော်မရှင်အနေနဲ့ မွတ်ဆလင်တွေကို ပြောခွင့်ပေးရင် ရခိုင် ရပ်မိရပ်ဖ အဖွဲ့အစည်းတွေဘက်က တင်ပြတာကိုလည်း နားထောင်ဖို့ အချိန်ပေးသင့်တယ် ဆိုတဲ့ ဝေဖန် သုံးသပ်မှုတွေလည်း ပေါ်ထွက်နေပါတယ်။