ပေါက်တောနယ်အမတ်ရဲ့ ရခိုင်အကြံပေးကော်မရှင်ပြင်ဆင်မှုအဆို ရှုံးနိမ့်

  • 6 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်ထောင်စုလွှတ်တော်

ရခိုင်အမျိုးသားပါတီဝင် ပေါက်တော မဲဆန္ဒနယ်အမတ် ဦးအောင်ကျော်ဇံက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းဖို့ အင်္ဂါနေ့က ပြည်သူ့လွှတ်တော်မှာ တင်သွင်းရာမှာ ရှုံးနိမ့်သွားပါတယ်။

ဦးအောင်ကျော်ဇံက ကော်မရှင်မှာ နိုင်ငံခြားသုံးဦး ပါဝင်နေတာဟာ ပြည်တွင်းရေးပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာရောက်သဖြင့် ပြည်တွင်း တတ်သိ ပညာရှင်များနဲ့ပဲ ကော်မရှင်ကို ဖွဲ့စည်းသင့်ကြောင်း နိုင်ငံတော် အစိုးရကို တိုက်တွန်းတဲ့ အရေးကြီး အဆိုကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုကို ဦးအောင်ကျော်ဇံနဲ့အတူ အခြား လွှတ်တော်ကိုယ်စားလှယ် ၃၄ယောက်က ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အရေးကြီးအဆိုနဲ့ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ကြံခိုင်ရေးနဲ့ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးခဲ့ကြပြီး NLD ပါတီကိုယ်စားလှယ်တွေကတော့အဆိုကိုကန့်ကွက်ဆွေးနွေးခဲ့ ကြပါတယ်။

ဒီပြင်ဆင်ဖို့အဆိုဟာ ထောက်ခံမဲ ၁၄၈၊ ကန့်ကွက်မဲ ၂၅၀၊ ကြားနေ ၁မဲနဲ့ ရှုံးနိမ့်သွားတာဖြစ်ပါတယ်။

ဒီအဆိုကို လာမယ့် စက်တင်ဘာ ၁၂ရက်နေ့မှာ ရခိုင်ပြည်နယ် လွှတ်တော်အတွင်းထပ်မံဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒီလို နောက်တကြိမ် ဆုံးဖြတ်မှုမှာတော့ ရခိုင်လွှတ်တော်ထဲမှာ အမတ်အများစုနေရာရထားတဲ့ ရခိုင်အမျိုးသားပါတီဟာ အနိုင်ရဖို့ အလားအလာရှိနေပါတယ်။