လီဆူနဲ့ ရှမ်းနီပါတီတွေရဲ့ နယ်မြေ တောင်းဆိုမှုကို ကန့်ကွက်

  • 8 စက်တင်ဘာ 2016
Image caption ကချင်ပြည်နယ်အတွင်း နယ်မြေ တောင်းဆိုချက်ကို ၂၁ရာစု ပင်လုံညီလာခံမှာ တင်ပြခဲ့

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေးမှာ လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (ဒူးလေးပါတီ)နဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီတွေရဲ့ ကချင်ပြည်နယ် အတွင်း နယ်မြေ တောင်းဆိုချက်တွေ အပေါ် ကချင် နိုင်ငံရေးပါတီများ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC)က ကန့်ကွက်ကြောင်း စက်တင်ဘာလ ၇ရက်နေ့ နေ့စွဲနဲ့ သဘောထား ထုတ်ပြန် လိုက်ပါတယ်။

ကချင် နိုင်ငံရေး ပါတီများ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC)ဟာ လော်ဝေါ် အမျိုးသား စည်းလုံး ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ကချင် ဖွံ့ဖြိုးရေးပါတီနဲ့ ကချင်ပြည်နယ် ဖွံ့ဖြိုးရေးပါတီ စတဲ့ ကချင် သုံးပါတီနဲ့ ပူးပေါင်း ဖွဲ့စည်းထားတာပါ။

ပူတာအို၊ မချမ်းဘော၊ ဆော့လော်၊ ခေါင်လန်ဖူး နှင့် ချီဖွေ မြို့နယ်တို့ကို လီဆူ အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးနှင့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော် အပါအဝင် ခရိုင် ၈ ခု ပူးပေါင်းပြီး ရှမ်းနီ ပြည်နယ် သတ်မှတ်ပေးဖို့ကို ပင်လုံ ညီလာခံမှာ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တခြား ပြည်နယ်က စီရင်စု ရထားပြီး ဖြစ်တဲ့ လူမျိုးစုတွေက ကချင်ပြည်နယ်တွင်းမှာ ကိုယ်ပိုင် နယ်မြေတွေ လာတောင်းဆိုနေတဲ့အတွက် ပြည်နယ်တွင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ အမျိုးသား စည်းလုံး ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဘီဟောင်းဇယ်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် အခုလို ကိုယ်ပိုင်နယ်မြေတွေ အသီးသီး တောင်းဆိုနေမယ် ဆိုရင် တိုင်းရင်းသား အချင်းချင်းကြား စိတ်ဝမ်းကွဲစရာတွေ ဖြစ်လာမှာကို မလိုလားတဲ့အတွက် အခုလို ကန့်ကွက်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။