ကိုဖီအာနန်က သူ့ကော်မရှင်ဟာ အကြံပေးဖို့ပဲလို့ပြော

  • 8 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် ShweInnThar KhinMgWin
Image caption ကိုဖီအာနန်နဲ့ ကော်မရှင်အဖွဲ့ဝင်များအား သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

ကြာသာပတေးနေ့က ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဌ ကိုဖီအာနန်က ကော်မရှင်ရဲ့တာဝန်ဟာ တင်းမာမှုတွေ လျော့နည်းဖို့ ဖြစ်ပြီး စုံစမ်း ထောက်လှမ်းတာမျိုး လုပ်ဖို့ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ကော်မရှင်ရဲ့ ရည်ရွယ်ချက်ဟာ ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်နိုင်ဖို့အတွက် နှစ်ဘက် ပြန်လည် သင့်မြတ်ဖို့နဲ့ လူသားချင်းစာနာရေး အကူအညီတွေ ပေးတဲ့ကိစ္စမှာ အစိုးရကို အကြံပေးဖို့ ဖြစ်တယ်လို့ ကိုဖီအာနန်က ရခိုင်ပြည်နယ်ခရီးစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကိုဖီအာနန်ရဲ့ ခရီးစဉ်မှာ နှစ်ဖက် အဖွဲ့အစည်းတွေက ဘာသာရေးခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းနဲ့ ပတ်သက်လို့ ကိုဖီအာနန်က ဘင်္ဂါလီနဲ့ ရိုဟင်ဂျာ အသုံးအနှုန်း နှစ်ခုစလုံးဟာ စိတ်ခံစားမှု ပြင်းထန်စေတဲ့အတွက် အသိုင်းအဝန်းနှစ်ခုစလုံးအတွက် အဆင်ပြေအောင် သုံးစွဲသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ရိုဟင်ဂျာစကားလုံး မသုံးဖို့ ကန့်သတ်ထားခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။

ကော်မရှင်ကို ဆန္ဒပြကြတဲ့ကိစ္စကိုလည်း ကိုဖီအာနန်က မှတ်ချက်ပေးရာမှာ ဒီကိစ္စကို သူ မအံ့သြပဲ ဆန္ဒပြသူတွေ ပြခွင့်ရှိပါတယ်လို့ ပြောပါတယ်။

ကော်မရှင်က ရခိုင်ပြည်နယ် အကျိုးစီးပွားကို ရှေးရှုပြီး လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ကော်မရှင်နဲ့ လာရောက်ဆွေးနွေးတာတွေလည်း လုပ်နိုင်ပါတယ်လို့ ကိုဖီအာနန်က တိုက်တွန်းသွားခဲ့ပါတယ်။

ခရီးစဉ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ကိုတော့ မစ္စတာ ကိုဖီအာနန်က ပြောဖို့ စောလွန်းသေးတယ်လို့ ပြောပါတယ်။

ကော်မရှင်အတွက် နောက်ခရီးစဉ်တွေလည်း စီစဉ်ထားပြီး ကော်မရှင်ရဲ့ အစီရင်ခံစာကို တနှစ်အချိန်ယူပြီးမှ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ