အာဆီယံ ထိပ်သီး အစည်းအဝေး ပြီးဆုံး

  • 9 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားချက်နဲ့ ဒေါ်အောင်ဆန်း စုကြည် အမေရိကန် နိုင်ငံကို သွားမယ်။

လာအို နိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကြီး စက်တင်ဘာလ ၈ရက်နေ့က ပြီးဆုံးသွားပါပြီ။

ထိပ်သီး အစည်းအဝေးတွေနဲ့ ဆက်စပ် ထိပ်သီး အစည်းအဝေးတွေမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံနဲ့ ဆွေးနွေးဖက် နိုင်ငံတွေရဲ့ ဆက်ဆံရေးနဲ့ အနာဂတ် ဦးတည်ချက်၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အရေးကိစ္စရပ်တွေ၊ အာဆီယံနဲ့ ပြင်ပဆက်ဆံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပါဝင်ဆွေးနွေးခဲ့တဲ့အပြင် မြန်မာနိုင်ငံက ဆွေးနွေးဖက် ဆက်ဆံရေးမှူးအဖြစ် ဆောင်ရွက်နေတဲ့ ပထမအကြိမ် အာဆီယံ သြစတြေးလျ ထိပ်သီးအစည်းအဝေးမှာလည်း ဦးဆောင် ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ် ဝန်ကြီးချုပ် မစ္စတာ ငုယဉ်စွမ်းဖု၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး၊ နယူးဇီလန် ဝန်ကြီးချုပ် ဂျွန် ကီး၊ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ ဥရောပ ဒေသ၊ အရှေ့အလယ်ပိုင်း ဒေသ အခြေစိုက် မြန်မာ သံအမတ်ကြီးတွေနဲ့ တွေ့ဆုံဖို့ စက်တင်ဘာလ ၁၀ရက်နေ့မှာ ဗြိတိန်နိုင်ငံကို ထွက်ခွာမှာ ဖြစ်ပါတယ်။

အဲဒီနောက် တဆက်တည်း သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားချက်အရ အမေရိကန် နိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး နယူးယောက်မြို့မှာ ကျင်းပမယ့် ၇၁ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။