မြန်မာ ကလေးစစ်သား အသုံးပြုမှု လျော့ကျလို့ UNICEF ပြော

  • 9 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် NLOM
Image caption အစိုးရ စစ်တပ်ထဲမှာ ကလေးစစ်သား ဦးရေ ဘယ်လောက် ဆက်ရှိ နေသလဲ ဆိုတာ ကိန်းဂဏာန်း နဲ့ အတိအကျ ပြောဖို့ ခက် (ဓါတ်ပုံ - မြန်မာ့အလင်း)

မြန်မာ အစိုးရသစ် လက်ထက်၊ ပထမဆုံး အကြိမ် အနေနဲ့ ကလေး စစ်သား ၅၅ ယောက် အစိုးရ စစ်တပ် ကနေ ထွက်ခွင့် ရလာတယ် ဆိုပြီး ကလေးသူငယ် ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း ယူနီဆက် က ကြေညာ ပါတယ်။

ဒါဟာ ယူနီဆက် အဖွဲ့ရဲ့ စာရင်းဇယား တွေ အရ ၄ နှစ် အတွင်း ကလေး စစ်သား ဦးရေ အယောက် ၈ဝဝ လွတ်မြောက် လာတာ ဖြစ်ပါတယ်။ ကလေးစစ်သား အသုံးပြုမှု လုံးဝ ပပျောက် နိုင်ဖို့ ယူနီဆက်ဖ် က ဘာတွေ လုပ်ဆောင် နေပါသလဲ။ ယူနီဆက်ဖ် ရဲ့ မြန်မာ နိုင်ငံ ဌာနေ ကိုယ်စားလှယ် Bertrand Bainvel ကို ကိုဝေဖြိုးက ဆက်သွယ် မေးမြန်း ထားပါတယ်။

Bertrand Bainvel - မြန်မာ နိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် ဟာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေး အတွက် အင်မတန် အရေးကြီး ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ စစ်ပွဲ တွေ ရှိနေသ၍၊ လက်နက်ကိုင် အဖွဲ့ တွေ ဟာ အရွယ် မရောက် သူတွေ ကိုပါ လက်နက်ကိုင် ပဋိပက္ခ တွေ ဆွဲသွင်း နေတဲ့ အဖြစ်မျိုးတွေ ရှိနေ နိုင်ပါတယ်။ ကလေး သူငယ်တွေကို လက်နက်ကိုင် အဖွဲ့အစည်းတွေ ကနေ အပြည့်အဝ မဆွဲထုတ် နိုင်မချင်း ငြိမ်းချမ်းရေး ဖြစ်စဉ် အထမြောက် တယ်လို့ ကျနော်တို့ ယူနီဆက်ဖ် အဖွဲ့ က မယူဆ ပါဘူး။

ဘီဘီစီ - ၂ဝ၁၂ နောက်ပိုင်း မြန်မာ အစိုးရ စစ်တပ် ထဲက အရွယ်မရောက် သေးတဲ့ ကလေးသူငယ် အယောက် ၈ဝဝ နှုတ်ထွက် ခွင့်ရခဲ့တယ် ဆိုတော့ ၊ နောက်ထပ် ကလေးစစ်သား ဦးရေ ဘယ်လောက် များ အစိုးရတပ်ထဲ ရှိနေသေးတယ်လို့ ယူနီဆက်ဖ် အဖွဲ့ သိထားပါသလဲ။

Bertrand Bainvel - အစိုးရ စစ်တပ်ထဲမှာ ကလေးစစ်သား ဦးရေ ဘယ်လောက် ဆက်ရှိ နေသလဲ ဆိုတာ ကိန်းဂဏာန်း နဲ့ အတိအကျ ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် ကလေး စစ်သား စုစောင်း ခံရတယ်၊ ဆွဲသွင်း ခံရတယ် ဆိုတဲ့ တိုင်ကြားမှု တွေ၊ သိထားရသမျှ အမှု ကိစ္စတွေ ကတော့ သိသိ သာသာ လျော့နည်း သွားတာကို တော့ ကျနော် ပြောနိုင်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ နဲ့ မြန်မာ အာဏာပိုင်တွေကြား သဘောတူ ညီချက် အရ စစ်သားသစ် စုစောင်း တဲ့ အရွယ်မရောက် သူတွေ မပါဝင်ရေး စိစစ် တဲ့ လုပ်ငန်းစဉ် လည်း ရှိလာပါတယ်။

ဘီဘီစီ -အခုလို ကလေးသူငယ်တွေ စစ်မှုထမ်း နေရတဲ့ အဖြစ်ကနေ လွတ်မြောက်အောင် ယူနီဆက်ဖ် အနေနဲ့ အကူအညီ ပေး နေသလို၊ စစ်သား တွေ ဘဝ ကနေ လွတ်မြောက် လာကြ သူတွေ အတွက် ရော ဘဝ ပြန်လည် ထူထောင် ရေး အတွက် ထောက်ပံ့ ကူညီနေတဲ့ စီမံကိန်း တွေ ရှိပါသလား။

Bertrand Bainvel - ရှိပါတယ်။ သက်ဆိုင်ရာ လူမှုဖူလုံရေး အာဏာပိုင် တွေ အပါအဝင်၊ ပရဟိတ လူမှု အဖွဲ့အစည်းတွေ နဲ့ အတူ ယူနီဆက်ဖ်က လက်တွဲ လုပ်ဆောင် နေပါတယ်။ အဓိကကတော့ ကလေးစစ်သား ဟောင်း တွေ စိတ်ဒဏ်ရာ သက်သာ စေဖို့နဲ့၊ အသက်မွေး ဝမ်းကျောင်း ကျွမ်းကျင်မှု တွေ သင်ကြား ပေးတဲ့ အစီအစဉ် တွေ ရှိပါတယ်။ တနိုင်တပိုင် စီးပွားရေး လုပ်ငန်း လေးတွေ နဲ့ ဘဝကို အခြေနေတကျ ဖြစ်သွား နိုင်အောင် ကူညီ ပေးနေ ပါတယ်။

ဘီဘီစီ - ကလေး စစ်သား စုစောင်းတာမျိုးဟာ အစိုးရ စစ်တပ် ကပဲ ကျင့်သုံး ခဲ့တာလား။ ကျန်တဲ့ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့ တွေ ကရော ကလေး စစ်သားတွေ အသုံး မပြု ကြဘူးလားဗျ။

Bertrand Bainvel - ကုလသမဂ္ဂ အတွင်းရေးမှုး ချုပ် အစီရင်ခံစာ အရ၊ မြန်မာ နိုင်ငံမှာ ကလေး စစ်သား အသုံးပြု နေတဲ့ လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ ရှိပါတယ်။ အဲဒီ့ ထဲက တစ်ဖွဲ့ က အစိုးရ စစ်တပ် ဖြစ်ပြီး၊ ကျန် ၇ ဖွဲ့ က အစိုးရ စစ်တပ် မဟုတ်တဲ့ အဖွဲ့အစည်း တွေ ဖြစ်ပါတယ်။

ဘီဘီစီ - ဒါဆိုရင် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တွေ နဲ့ ကြားမှာရော၊ ကလေးစစ်သား အသုံးပြုမှု ပပျောက် အောင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေက မကြိုးစား ကြဘူးလား ခင်ဗျ။

Bertrand Bainvel - ကြိုးစားတာပေါ့။ ကလေးစစ်သား အသုံးပြုမှု ရှိတယ်လို့ သိထားရသမျှ အဖွဲ့အစည်း တွေ အားလုံးနဲ့ အဆက်အသွယ် ပြုလုပ် ထားပြီး ဆွေးနွေး ညှိနှိုင်း မှုတွေ စတင် ထားပြီး ဖြစ်ပါတယ်။ ကလေး စစ်သား အသုံးပြုတဲ့ ပြဿနာ ရဲ့ အတိမ်အနက် ကို ကျနော်တို့ ကြိုးစား ရှင်းပြပါတယ်။ ဆွေးနွေးမှုတွေ ၊ လိုအပ်တဲ့ သင်တန်းတွေ ကျနော်တို့ဘက် က ပေးနေပါတယ်။ သူတို့ ဆီကလည်း ဒီပြဿနာ ကို ဖြေရှင်းပါ့မယ်ဆိုတဲ့ ကတိ စကား ခံဝန်ချက် မျိုး ပေးလာဖို့ မျှော်လင့် ထားပါတယ်။

ဘီဘီစီ - မြန်မာ နိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု လုံးဝ ပပျောက် သွားဖို့ ဆိုရင် နောက်ထပ် အချိန် ဘယ်လောက် ကြာကြာ ယူရဦးမယ်လို့ မျှော်လင့်ပါသလဲ။

Bertrand Bainvel - ကျနော်တို့ မြန်မာ အာဏာပိုင် တွေ နဲ့သာမက ဒီကိစ္စမှာ ပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်း တွေ အားလုံး နဲ့ကြား ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်လက် ရှိနေဖို့ ကြိုးစား နေပါတယ်။ ကလေးစစ်သား ပြဿနာ ဘယ်လောက် မြန်မြန် ချုပ်ငြိမ်း နိုင်မလဲ ဆိုတာဟာ ၊ ပါဝင် ပတ်သက် နေတဲ့ အဖွဲ့အစည်း အားလုံးက ၊ ဘယ်လောက် အတိုင်းအတာ အထိ ပူးပေါင်း ဆောင်ရွက် မလဲ ဆိုတဲ့ အပေါ် မူတည် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ