ညောင်ရွှေ ဟော်နန်းမှာ ညစျေးဖွင့်မှာကို ကန့်ကွက်

  • 10 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ညောင်ရွှေ စော်ဘွားကြီး စပ်ရွှေသိုက်

မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ ဟော်နန်း ဝင်းအတွင်းမှာ ညစျေး ဖွင့်မယ့် အစီအစဉ်ကို ညောင် ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ မိသားစုက ကန့်ကွက်လိုက်ပါတယ်။

ညောင်ရွှေ ဟော်နန်း ဝင်းအတွင်း ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်ရာ နေရာအဖြစ် ညစျေး ဖွင့်ပြီး ပြည်သူ့ ဘဏ္ဍာငွေ ရှာဖွေဖို့ စီစဉ်နေတယ် ဆိုပြီး ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီး ဦးအုန်းမောင်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့တာပါ။

ညောင်ရွှေ ဟော်နန်းကို မိသားစုဆီ ပြန်လွှဲပြောင်းပေးဖို့ တောင်းဆိုနေတဲ့ ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက် မိသားစုကတော့ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ သူတို့ကို အသိပေး အကြောင်းကြားတာမျိုး မရှိဘူးလို့ ပြောပါတယ်။

သူတို့ မိသားစု အလွန် တန်ဖိုးထားတဲ့ ရှေးဟောင်း အမွေအနှစ် ဟော်နန်း ဝင်းထဲမှာ ညစျေး လာဖွင့်ခြင်းအားဖြင့် ဟော်နန်း ညစ်ပတ် ပျက်စီးပြီး အဆင့်အတန်း နိမ့်ကျသွားနိုင်တယ်လို့ ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ သမီး တဦး ဖြစ်တဲ့ စဝ်ဟေမာသိုက် က ဘီဘီစီကို ပြောပါတယ်။

ညောင်ရွှေ ဟော်နန်းကို မိသားစုလက်ထဲ ပြန်လွှဲအပ်ပေးဖို့အတွက် ၂၀၁၃ခုနှစ် ဦးသိန်းစိန် အစိုးရ လက်ထက် ကတည်းက တောင်းထားခဲ့တာ ဖြစ်ပြီး အခု ၂၀၁၆ခုနှစ် အစိုးရသစ် လက်ထက် ရောက်တဲ့အထိ ဘာအကြောင်း ပြန်ကြားချက်မျိုးမှ မရှိဘူးလို့ ပြောပါတယ်။

ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ မိသားစုအနေနဲ့လည်း ဟော်နန်း ပြန်ရခဲ့ရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ရန်ကုန်မြို့က နေအိမ်လိုမျိုး အများပြည်သူ ကြည့်ရှုနိုင်အောင် ပြတိုက်ဖွင့်ပြီး ခြံဝင်းထဲမှာ အားကစားကွင်းနဲ့ လူငယ်စခန်းတခု ဖွင့်လှစ်သွားဖို့ ကြံရွယ်ထားတယ်လို့ စဝ်ဟေမာသိုက်က ပြောပါတယ်။

ဒါပေမယ့် ညောင်ရွှေ ဟော်နန်း ဝင်းတွင်းမှာ ညစျေးဖွင့်မယ့် အစီအစဉ်ကိုတော့ လုံးဝ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ဒေသခံတွေ အကြားမှာရော၊ လူမှုကွန်ရက် စာမျက်နှာပေါ်မှာပါ ဝေဖန် ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။