အာဖရိက၊ ဥရောပက မြန်မာသံအမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့

  • 11 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် myanmar foreign affairs
Image caption မြန်မာသံအမတ်ကြီး ၁၂ဦးနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ လန်ဒန်မြို့ မြန်မာသံရုံးမှာ တွေ့ဆုံ

ဗြိတိန်နိုင်ငံကို စက်တင်ဘာလ ၁၀ရက်နေ့က ရောက်ရှိလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စက်တင်ဘာလ ၁၁ရက်နေ့မှာ လန်ဒန်မြို့ မြန်မာသံရုံးမှာ ဥရောပ၊ အရှေ့ အလယ်ပိုင်းနှင့် အာဖရိက နိုင်ငံတွေက မြန်မာသံအမတ်ကြီး (၁၂) ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ ရှေ့ဆက်သွားမယ့် မူဝါဒနဲ့ လမ်းစဉ်တွေ၊ ဦးစားပေး လုပ်ငန်းစဉ်တွေ၊ နိုင်ငံခြားရေး မူဝါဒတွေကို ဒေါ်အောင်ဆန်း စုကြည်က ရှင်းလင်း ပြောကြားခဲ့ပြီး သံတမန် ဝန်ထမ်းတွေ အနေနဲ့ ကိုယ့်နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ကြဖို့ကိုလည်း တိုက်တွန်း ပြောသွားခဲ့ပါတယ်။

အဲဒီ တွေ့ဆုံပွဲကို ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ ဂျာမနီ၊ အီတလီ၊ ဘယ်လ်ဂျီယမ်၊ ကူဝိတ်၊ ဆော်ဒီ အာရေဗျ၊ ဆားဘီးယား၊ နော်ဝေ၊ သြစတြီးယားနဲ့ အီဂျစ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အမှတ် ၁၉ A ချားလ်စ် လမ်းမှာ ရှိတဲ့ မြန်မာ သံရုံးဆီ ဒေါ်အောင်ဆန်း စုကြည် ရောက်ရှိလာစဉ် လာရောက် ကြိုဆိုအားပေးခဲ့ကြတဲ့ မြန်မာတွေကို ဒေါ်အောင်ဆန်း စုကြည်က သံရုံးနဲ့ တည့်အောင်နေဖို့နဲ့ သံရုံးကိုလည်း မှာခဲ့မယ်လို့ ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် ခရီးစဉ်အတွင်း ဗြိတိန် ဝန်ကြီးချုပ် ထရီဆာ မေ၊ နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်စ် ဂျွန်ဆင် တို့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

တခါ ဗြိတိန်မှာ နေထိုင်နေတဲ့ သူ့ရဲ့ မိသားစုဝင်တွေနဲ့လည်း အချိန်ပေး တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။