ရေမဆေးကျောက် ရှာဖွေမှု တားမြစ်

  • 11 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ရေမဆေး သမားတွေနဲ့ ကျောက်စိမ်း ရောင်းဝယ် သူတွေ အခက်ဖြစ်မှာ စိုးရိမ်

ကချင်ပြည်နယ် လုံးခင်းနဲ့ ဖားကန့် ကျောက်စိမ်း ထွက်ရာ ဒေသမှာ တရားမဝင် တနိုင် တပိုင် တူးဖေါ် နေကြတာ၊ ရေမဆေးကျောက် ရှာဖွေတာ၊ ကျောက်စိမ်း လက်ဝယ် ထားပြီး ရောင်းတာ ဝယ်တာတွေ မလုပ်ဖို့ အာဏာပိုင်တွေက တားမြစ် လိုက်ပါတယ်။

လုံးခင်း ကျောက်စိမ်း တူးဖေါ် ရေး ဌာနက ပိုစတာတွေ စိုက်ထူကာ အခုလို တားမြစ် လိုက်တာ ဖြစ်ပြီး၊ ကျူးလွန်ရင် ထောင် ၁ နှစ် ကနေ ၃ နှစ် ထိ ချမှတ် နိုင်တယ်လို့ အသိ ပေးထား ပါတယ်။

ဩဂုတ်လ ၁၅ ရက်က ကျင်းပတဲ့ လွှတ်တော်မှာ အမျိုးသား လွှတ်တော် အမတ် တဦးက ရေမဆေး ကျောက် ရှာသူတွေကြောင့် လုပ်ငန်းရှင်တွေ ထိခိုက်မှု ဘယ်လို ဖြေရှင်း မလဲ ဆိုတဲ့ အမေးကို သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးက ရေမဆေး ကျောက်ရှာ သူတွေကို ကန့်သတ် မယ်လို့ ဖြေခဲ့ ပါတယ်။

အဲလို ရေမဆေး သမားတွေကို နေရပ် ပြန်ပို့ မယ်လို့ ဝန်ကြီးက ပြောခဲ့ပြီးတဲ့ နောက် ခုရက်ပိုင်းမှာ ဒီထုတ်ပြန် သတိပေး ချက်ကို ပိုစတာတွေ စိုက်ပြီး လူထုကို အသိပေး ခဲ့တာ ဖြစ်ပါတယ်။

ဒီကြော်ငြာ ချက်ကြောင့် ရေမဆေး သမားတွေနဲ့ ကျောက်စိမ်း ရောင်းဝယ်သူတွေ အခက်ခဲ ဖြစ်ကုန် တော့မှာမို့ စိုးရိမ် နေကြ ပါတယ်။

ဖားကန့် ပြည်သူ့ လွှတ်တော် အမတ် ဦးတင်စိုး ကတော့ ဒီကိစ္စ အစိုးရ ပိုင်းကို တင်ပြပြီး တတိယ အကြိမ် ကျောက်မျက် ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကို အမြန် ထွက်ရှိဖို့ နောက်လာ မယ့် လွှတ်တော်မှာ တင်ပြမယ်လို့ ပြောပါတယ်။

ဒီလို ရေမဆေးကျောက် သမားတွေကို ကန့်သတ် လိုက်မယ် ဆိုရင် ဖားကန့် ဒေသမှာ ရေမဆေးရှာသူ ၅ သိန်း ကျော်နဲ့ မန္တလေး စစ်ကိုင်း စတဲ့ နေရာတွေမှာ ရေမဆေး ကျောက်နဲ့ အရောင်း အဝယ် ဖြစ်နေသူ ၅ သိန်း စုစုပေါင်း လူဦးရေ တသန်းလောက် ထိခိုက် နိုင်တယ် လို့လည်း ဆိုပါတယ်။

ခုထုတ်ပြန် သတိပေးချက်ကြောင့် လူအများ ထိခိုက် တာမို့ ကန့်ကွက်တဲ့ အကြောင်း မန္တလေး မဟာအောင်မြေ ကျောက်မျက် ရတနာဈေး အဆင့် မြင့်တင်ရေး ကော်မတီ ဥက္ကဌ ဦးသန်းဝင်းက က ပြောပါတယ်။

သတ္တုတွင်း ဝန်ကြီး ဌာန ဘက်က ထုတ်ပြန် ထားတဲ့ အတိုင်း ရေမဆေး သမားတွေ ကိုသာ အရေးယူမယ် ဆိုရင်တော့ ဖားကန့် ဒေသ တည်ငြိမ်ဖို့ ခက်သွား နိုင်တယ်လို့ ဒေသခံ လွှတ်တော် အမတ်တွေနဲ့ ရေမဆေးကျောက် တူးဖေါ် ရောင်းဝယ် သူတွေ ဘက်က ပြောပါ တယ်။